ပြည်တွင်း၌ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံလုံလောက်မှုရှိစေရေးကို အထောက်အပံ့ပြုရန် ကြိုးပမ်း အားထုတ်မှုအဖြစ် အိန္ဒိယနိုင်ငံအစိုးရသည် ပဲစင်းငုံတိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၃၅ ခုနှင့် မတ်ပဲ တိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၁၃ ခုတို့ကို ခွဲခြားသတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ နယ်မြေဒေသများတွင် မိုးသီးနှံရာသီ၌ ၎င်းပဲနှစ်မျိုးစိုက်ပျိုးရန်အတွက် အထွက်နှုန်းမြင့်မားသော မျိုးစေ့များကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၃-၂၄ ခုနှစ် သီးနှံစိုက်ပျိုးရေး ရာသီကာလအတွင်း မိုးရွာသွန်းမှုပုံပျက်ယွင်းခြင်းကြောင့် ပြည်တွင်းပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးနှစ် အတွင်း ပဲစင်းငုံ၊ မတ်ပဲ၊ ပဲနီလေး၊ ကုလားပဲနှင့် စားတော်ပဲတို့ အပါအဝင် တန်ဖိုး ဒေါ်လာ ၃.၇၄ ဘီလီယံခန့်ရှိသော ပဲမျိုးစုံကို ပြည်ပမှ တင်သွင်းခဲ့ရသည်။ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်း များ၏ တွန်းအားကြောင့် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုဖြစ်ပေါ်နေခြင်းသည် မူဝါဒချမှတ်သူ များအတွက် စိတ်ဒုက္ခပေးသည့် အကြောင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ အစိုးရ၏ အချက်အလက်များအရ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဖောင်းပွမှုနှုန်း ၉.၂၁% နှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဇွန်လတွင် ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်မှုသည် ၂၁.၆၄% အထိ ရောက်ရှိလာခဲ့သည်။
အစိုးရဌာနဆိုင်ရာ အရာရှိများအနေဖြင့် တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ပြီး ပဲစိုက်ပျိုး ထွက်ရှိချိန်၌ ဝယ်ယူရေးဆိုင်ရာ ကူညီပံ့ပိုးမှုများရရှိစေမည်ဟု ကတိပေးမှုပြုလျက် ပဲမျိုးစုံသို့ သီးနှံ ပြောင်းလဲစိုက်ပျိုးရန် တောင်သူများအား စည်းရုံးလုပ်ကိုင်လျက်ရှိသည်ဟု အမည်မဖော်ပြလိုသော အဆင့်မြင့် အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
အစိုးရသည် အနိမ့်ဆုံးအခြေခံရည်ညွှန်းဈေးနှုန်းထက် ပိုမိုသော ဈေးကွက်ပေါက်ဈေးဖြင့် ပမာဏ အကန့်အသတ်မရှိပဲ ဝယ်ယူမည်ဟူသော ကတိပြုချက်နှင့်အတူ သမဝါယမဝန်ကြီး Amit Shah က တောင်သူများအနေဖြင့် ပဲမျိုးစုံကို ကြီးမားကျယ်ပြန့်စွာ စိုက်ပျိုးရန် အစောပိုင်းကာလ၌ တိုက်တွန်းထားခဲ့သည်။ အစိုးရအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ပြည်တွင်းထုတ်လုပ်မှုဖြင့် ပဲမျိုးစုံ ဖူလုံမှု ရရှိရန် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် စားသုံးသူရေးရာဆိုင်ရာ ဝန်ကြီးဌာနများသည် မဟာရဋ္ဌ၊ ကာနာတကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဥတာပရာဒေ့ရှ်၊ ဂျာခန်၊ ဘီဟာ၊ ဂူဂျရတ်၊ တဲလန်ဂါနာ၊ အန္တရာပရာဒေ့ရှ်၊ ချတ္တီဂါနှင့် တမီနာဒူ ပြည်နယ်များတွင် ပဲစင်းငုံနှင့် မတ်ပဲစိုက်ပျိုးမည့် တောင်သူများကို မှတ်ပုံတင်ထားပြီးဖြစ်သည်။
အမျိုးသားစားသုံးသူသမဝါယမအသင်းချုပ်ကဲ့သို့သော အေဂျင်စီများသည် စိုက်ဧကတိုးချဲ့ နိုင်ရေးအတွက် အထွက်နှုန်းမြင့်မားသော ပဲမျိုးစေ့များအား တောင်သူများထံသို့ ဖြန့်ဖြူးပေးခြင်း ကို လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ် မိုးသီးနှံရာသီ၌ ဇူလိုင်လ ၂၆ ရက်နေ့အထိ ပဲမျိုးစုံစိုက်ပျိုး ပြီးစီးမှုမှာ ဧရိယာဟက်တာ ၁၀.၂ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ စိုက်ပျိုးနိုင်မှု ဟက်တာ ၈.၉၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၄% တိုးတက်မှုရှိကြောင်း အစိုးရ၏ အချက်အလက်များအရ သိရှိရသည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးမားဆုံး ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုမှာ ထုတ်လုပ်မှုထက် ကျော်လွန်လျက်ရှိသည်။ ပြည်တွင်း၌ ပဲမျိုးစုံ ပေးသွင်းအားမှာ ကျဆင်းလျက်ရှိနေချိန်၌ နှစ်စဉ်စားသုံးမှုသည် တန်ချိန် ၂၈ သန်းခန့်ရှိပြီး ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း မြင့်မားလာမှုနှင့်အတူ တိုးတက်လျက်ရှိသည်။ လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း အိန္ဒိယ၏ ပဲစင်းငုံနှင့်မတ်ပဲ ထုတ်လုပ်မှုမှာ ကျဆင်းခဲ့ပြီး အစိုးရအနေဖြင့် သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ရသည်။ ယခင်နှစ်၌ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ တင်သွင်း မှုအပေါ် စည်းကြပ်သော အကောက်ခွန်နှုန်းထားအား ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုညရာခိုင် နှုန်းသို့ လျှော့ချခဲ့ပြီး နောက်ပိုင်းတွင် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်ပေးခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ဗဟိုအစိုးရသည် စားတော်ပဲဝါ တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၄ ခုနှစ် မတ်လအထိ ခွင့်ပြုခဲ့သည်။ ထို့နောက် ဇွန်လအထိ ကာလတိုးမြှင့်ပေးခဲ့သည်။ ထို့အပြင် ကုလားပဲတင်သွင်းမှုအပေါ် စည်းကြပ်သည့် သွင်းကုန်အခွန် ၄၀% ကိုလည်း မကြာသေးမီကာလ၌ ဖယ်ရှားပေးခဲ့သည်။
Source: Economic Times, 30 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)