Main menu

ဂျုံမှုန့်နှင့်ဆားကို အရေးကြီးစားသောက်ကုန် စာရင်းသွင်းရန် အင်ဒိုနီးရှားအာဏာပိုင် အဆိုပြု

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံတွင် ကုန်စည်ဝယ်ယူရရှိရန် လွယ်ကူမှုကို အာမခံချက်ပေးနိုင်ရန်အတွက် အရေးကြီးစားသောက်ကုန်စာရင်း၌ ဂျုံမှုန့်နှင့်ဆားတို့ကို ထည့်သွင်းသတ်မှတ်ရန် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က အဆိုပြုခဲ့ကြောင်း သိရှိရသည်။

     အများပြည်သူသို့ ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်းဆွေးနွေးမှုအပေါ် အခြေခံပြီး ဝန်ကြီးဌာနများနှင့် အစိုးရအေဂျင်စီများ၏ ထောက်ခံအကြံပြုချက်အရ ဂျုံမှုန့်နှင့်ဆားတို့ကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ရန် အဆိုပြုထားခြင်းဖြစ်ကြောင်း၊ ၎င်းကုန်စည်များရရှိမှု လွယ်ကူစေရေး ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက အစိုးရ၏ အရန်ရိက္ခာအစီအစဉ်၌ ထည့်သွင်းသိုလှောင်မှု ပြုမည်ဖြစ်ကြောင်း Bapanas ၏ ခေတ္တအတွင်းရေးမှူး Sarwo Edhy က ၂၉-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

    လက်ရှိကာလ၌ အစိုးရ၏ အရန်ရိက္ခာသိုလှောင်မှုတွင် အရေးကြီးစားသောက်ကုန်အဖြစ် သတ်မှတ်ထားသော ကုန်စည် ၁၁ မျိုးဖြစ်သည့် ဆန်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ပဲပုပ်၊ ပြောင်း၊ ကြက်သား၊ ဥ၊ စားမြုံ့ပြန်တိရိစ္ဆာန်ထွက်အသား၊ သကြား၊ စားသုံးဆီနှင့် ငါးတို့ကို အရန်ရိက္ခာထား ရှိကြောင်း သိရှိရသည်။

    အဆိုပါ Bapanas အေဂျင်စီ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က စားနပ်ရိက္ခာ အမှီအခိုကင်းမှုနှင့် ဖူလုံမှုတို့ ဖြစ်ထွန်းပေါ်ပေါက်ရေးသည် စဉ်ဆက်မပြတ်တည်တံ့သော စားနပ် ရိက္ခာ ဂေဟစနစ် (Sustainable Food Ecosystem) အပေါ် အခြေပြုတည်ထောင်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိစွာ လုပ်ဆောင်ခြင်းဖြင့် စားနပ် ရိက္ခာ ရေစုန်ပိုင်း၌ ကာဗွန်ခြေရာထင်ကျန်မှုကို တဖြည်းဖြည်းလျော့ပါးစေမည်ဖြစ်ကြောင်း ပြောဆိုလျက် အမျိုးသားစားနပ်ရိက္ခာဂေဟစနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်ရန် သက်ဆိုင်သူများအားလုံးသို့ တိုက်တွန်းထားသည်။

    စဉ်ဆက်မပြတ်တည်တံ့သော စားနပ်ရိက္ခာဂေဟစနစ်တွင် လယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်ငါးဖမ်းလုပ်ငန်းများအား အကာအကွယ်ပေးမှုပါဝင်လျက်ရှိပြီး ၎င်းစနစ်က ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် စားနပ်ရိက္ခာပေးသွင်းမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုတို့ကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဖြစ်သည်။

ဒေသန္တရအစိုးရအဖွဲ့များနှင့်အတူ Bapanas အေဂျင်စီသည် စားနပ်ရိက္ခာများ၏ ကြာရှည်အထားခံမှုသက်တမ်းကို တိုးချဲ့နိုင်ရေးနှင့် နယ်မြေဒေသကြီးများအတွင်း ညီတူညီမျှ ဖြန့်ဖြူးနိုင်ရေးအတွက် အအေးခန်းသိုလှောင်ရုံများ၊ အအေးခန်းကုန်သေတ္တာများ၊ အပူပေးအခြောက်ခံစက်များနှင့် လေအားဖြင့် အအေးပေးစက်များ ပံ့ပိုးကူညီခြင်းကို အားကောင်းအောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ရွှေ‌ရောင်လွှမ်းသည့် အင်ဒိုနီးရှား ၂၀၄၅ (Golden Indonesia 2045) ဟူသော မျှော်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် စားနပ်ရိက္ခာလုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ကိုင်နေကြသူများအနေဖြင့် အကျိုးကျေးဇူးအနန္တရရှိစေမည့် အမျိုးသားစားနပ်ရိက္ခာဂေဟစနစ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် Bapanas အေဂျင်စီ၏ အကြီးအကဲ Arief Prasetyo Adi က ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

Source: Antara News, 29 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)