အိန္ဒိယနိုင်ငံတွင် ရာဂျာဆာဘလွှတ်တော်၌ မေးမြန်းချက်အပေါ် တရားမဝင်တင်သွင်းလာသော ကွမ်းသီးများ ဖမ်းဆီးရရှိသည့်အကြိမ် အရေအတွက်နှင့် ကုန်စည်ပမာဏသည် မကြာသေးမီ နှစ်ကာလများအတွင်း သိသာစွာ မြင့်တက်လာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖြေကြားခဲ့ကြောင်း အိန္ဒိယ Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ပြည်တွင်းသို့ ကွမ်းသီးများ တရားမဝင်တင်သွင်းမှု အခြေအနေနှင့်ပတ်သက်၍ အထက်လွှတ်တော်၏ မေးမြန်းချက်အား ၂၆-၇-၂၀၂၄ နေ့၌ စာဖြင့် ပြန်ကြားရာတွင် အကောက်ခွန်ဌာန၏ မြေပြင်စစ်ဆေးရေးအဖွဲ့များနှင့် အခွန်စုံစမ်းထောက်လှမ်းရေး ညွှန်ကြားမှုဦးစီးဌာနတို့သည် ၂၀၂၂-၂၃ ခုနှစ်တွင် အမှုတွဲ ၄၅၄ ခုဖြင့် တရားမဝင်တင်သွင်းသော ကွမ်းသီးတန်ချိန် ၃၄၀၀.၃၀ တန်ကို ဖမ်းဆီးရရှိခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်၌ အမှုတွဲ ၆၄၃ ခုဖြင့် တန်ချိန် ၁၂၈၈၁.၈၂ တန်အထိ ဖမ်းဆီးရမိမှု မြင့်တက်လာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Jitin Prasada က ပြန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပထမသုံးလတာ၌ တရားမဝင် တင်သွင်းလာသော ကွမ်းသီးများ ဖမ်းဆီးရရှိမှုမှာ တန်ချိန်အားဖြင့် ၃၀၀၉.၀၄ တန်နှင့် အမှုတွဲ ၈၄ ခုရှိကြောင်း သိရသည်။
အဆိုပါဌာန ၂ ခုနှင့်အတူ ပြည်နယ်အဆင့် ကူးသန်းရောင်းဝယ်ရေးအခွန်ဌာနများသည် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းတွင်းဆိပ်ကမ်းများမှတစ်ဆင့် အိန္ဒိယပြည်တွင်းသို့ ကွမ်းသီးများ တရားမဝင်သယ်ယူပို့ဆောင်မှု ရှိ/မရှိကို စဉ်ဆက်မပြတ် သတိပြုစောင့်ကြည့်လျက်ရှိပြီး လှည့်ဖြားမှုနည်းလမ်းပေါင်းစုံဖြင့် တင်သွင်းလာခြင်းမှ ကာကွယ်ရန်အတွက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဒုတိယဝန်ကြီး Jitin Prasada က ပြောဆိုခဲ့သည်။ ၎င်း၏ပြောကြားချက်အရ လေဆိပ်များနှင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးမှတစ်ဆင့် တရားမဝင်တင်သွင်းလာသော ကွမ်းသီးများ ဖမ်းဆီးရမိမှုမှာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဇွန်လ ၂၅ ရက်နေ့အထိ အမှုတွဲ ၃ ခုရှိပြီး ကုန်ချိန်အားဖြင့် ကီလိုဂရမ် ၁၀၀၀၀ နှင့် တန်ဖိုးအားဖြင့် ရူပီးငွေ ၀.၄၇ ကုဋေဖြစ်ကြောင်း၊ ၂၀၂၁-၂၂ ခုနှစ်တွင် အမှုတွဲ ၄ ခုဖြင့် ရူပီး ၀.၅၂ ကုဋေရှိသော ကွမ်းသီး ၁၅၂၉၆ ကီလိုဂရမ်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၂၀၂၂-၂၃ ခုနှစ်၌ အမှုတွဲ ၁၂ ခုဖြင့် ရူပီး ၀.၅၆ ကုဋေရှိသော ကွမ်းသီး ၁၄၁၈၈ ကီလိုဂရမ်ကိုလည်းကောင်း၊ ၂၀၂၃-၂၄ ခုနှစ် တွင် အမှုတွဲ ၃ ခုဖြင့် ရူပီး ၀.၁၁ ကုဋေရှိသော ကွမ်းသီး ၂၁၆၆ ကီလိုဂရမ်ကိုလည်းကောင်း အသီးသီး ဖမ်းဆီးရှိခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းသို့ ကွမ်းသီးတင်သွင်းမှု နည်းပါးစေရေးအတွက် သွင်းကုန်အပေါ် အခြေခံအကောက်ခွန်နှုန်းကို ၁၀၀% သတ်မှတ်ထားရှိပြီး တရားမဝင်တင်သွင်းခြင်း မရှိစေ ရန်အတွက်လည်း အရေးယူဆောင်ရွက်လျက်ရှိသည်။ ကွမ်းသီးအတွက် အနိမ့်ဆုံးထားရှိသည့် သွင်းကုန်ဈေးနှုန်း သတ်မှတ်ချက် (Minimum Import Price) ကိုလည်း ယခင်က ၁ ကီလိုဂရမ် လျှင် ၂၅၁ ရူပီးနှုန်း သတ်မှတ်ထားရာမှ ယခုအခါ ၃၅၁ ရူပီးနှုန်းသို့ ပြင်ဆင်တိုးမြှင့်ထားသည်။ ထို့အပြင် အိန္ဒိယ စားသောက်ကုန် ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ အာဏာပိုင်အဖွဲ့ (FSSAI) သည် ပြည်ပမှတင်သွင်းလာသည့် ကွမ်းသီးများအား ဆိပ်ကမ်းအကောက်ခွန်ရှင်းလင်းမှု မပြုလုပ်မီ တွင် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ပြည့်မီခြင်း ရှိ/မရှိကို တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယဝန်ကြီး Prasada က ပြောဆိုခဲ့သည်။
Source: The Hindu Business Line, 26 Jul 2024 လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)