Main menu

တောင်ယာမီးရှို့သည့်တောင်သူများ အထောက်အပံ့ရမည် မဟုတ်ကြောင်း ထိုင်းအစိုးရသတိပေး

Powered by Drupal

     လာမည့်စိုက်ပျိုးရာသီအတွက် ပြင်ဆင်သည့်အနေဖြင့် လယ်ယာရိတ်သိမ်း ချွေလှေ့မှုမှ ကျန်ရှိသော စွန့်ပစ်ပစ္စည်းများကို မီးရှို့ရှင်းလင်းသည့် ထိုင်းနိုင်ငံမှတောင်သူများသည် PM 2.5 အဆင့်ရှိသော လေထုညစ်ညမ်းမှုကို လျှော့ချရန် ရည်ရွယ်သည့် လှုပ်ရှားမှုအရ ထိုင်းအစိုးရ၏ အထောက်အပံ့များ လက်ခံရရှိတော့မည်မဟုတ်ကြောင်း သိရှိရသည်။

    ကောက်ပဲသီးနှံ စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းတို့သည် အချင်း ၂.၅ မိုက်ခရိုမီတာ သို့မဟုတ် ၎င်းထက် အရွယ်အစားငယ်သော ဖုန်မှုန့်များကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများတွင် ပါဝင်ကြောင်း၊ အဆုတ်နှင့် နှလုံးရောဂါပြဿနာများ အပါအဝင် နာတာရှည်ရောဂါများသည် PM 2.5 ကို ကာလရှည်ကြာထိတွေ့ခြင်းနှင့် ဆက်နွယ်လျက်ရှိကြောင်း သိရှိရသည်။

    စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် စိုက်ပျိုးရေးကဏ္ဍမှ အဓိကဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှု PM 2.5 ကို ကိုင်တွယ်ဖြေရှင်းမည့် အစီအမံများကို ဆွေးနွေးနိုင်ရေး အမှုဆောင်အရာရှိများနှင့် ပြည်နယ်အကြီးအကဲများအကြား အစည်းအဝေးတစ်ရပ်ကို ၂၆-၇-၂၀၂၄ ရက်၊ သောကြာနေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါအစည်းအဝေးတွင် အစိုးရအဖွဲ့က ဧပြီလ ၉ ရက်နေ့၌ အတည်ပြုခဲ့သည့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနအနေဖြင့် လယ်ယာမီးရှို့သည့် တောင်သူများအား ထောက်ပံ့ကြေးနှင့် လျော်ကြေးငွေများ ဖြတ်တောက်ရေး စဉ်းစားရန် ဆုံးဖြတ်ချက်အပေါ် လက်ခံဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း ဒုတိယဝန်ကြီး Atthakorn Sirilatthayakorn က ပြောကြားခဲ့သည်။

    ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမြေများ၌ မီးရှို့ခြင်းကို စောင့်ကြည့်စစ်ဆေးရန်အတွက် လုပ်ငန်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းထားကြောင်းနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ မီးရှို့သည့် တောင်သူများကို မှတ်တမ်းတင်ထားရှိရန် အချက်အလက်စနစ် (Database) တစ်ခုကိုလည်း ဖန်တီးထားကြောင်း၊ တောမီးလောင်ကျွမ်းမှုကို တားဆီးရန်အတွက်လည်း အဆိုပါလုပ်ငန်းအဖွဲ့အား အခွင့်အာဏာပေးအပ်ထားကြောင်း သိရှိရသည်။

     စိုက်ပျိုးရေးပညာပေးဦးစီးဌာန၊ သမဝါယမမြှင့်တင်ရေးဦးစီးဌာနနှင့် လယ်ယာမြေ ပြုပြင် ပြောင်းလဲရေးရုံးတို့အပါအဝင် ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများအနေဖြင့် တောင်ယာမီးရှို့ခြင်းသည် ဥပဒေနှင့်မညီသော လုပ်ကိုင်မှုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင် ကြောင်းကို ပြည်သူများသို့ ပညာပေးဟောပြောရန် ညွှန်ကြားထားကြောင်း Atthakorn ၏ ပြော ကြားချက်အရ သိရှိရသည်။ ရိတ်သိမ်းပြီးနောက် လယ်ယာမြေ၌ ကျန်ရှိသည့် အပင်အငုတ်များကို မြေသြဇာအဖြစ်ပြောင်းလဲခြင်း သို့မဟုတ် လယ်ယာများကို ပြန်လည်ထွန်ယက်ခြင်းကဲ့သို့သော ရိတ်သိမ်းမှု အကြွင်းအကျန်များအား ဖယ်ရှားရှင်းလင်းမည့် အခြားနည်းလမ်းများကို အေဂျင်စီများ အနေဖြင့် တောင်သူများသို့ အကြံပြုပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

      တောင်ယာမီးရှို့ခြင်းမရှိသည့် စိုက်ပျိုးရေးလုပ်ငန်းကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိရာတွင် ဝန်ကြီးဌာနသည် ကာလရှည်စီမံချက်အနေဖြင့် တိရစ္ဆာန်အစာအဖြစ် သုံးစွဲသည့်ပြောင်းအတွက် PM 2.5 Plus ခေါ် စိုက်ပျိုးရေး စံချိန်စံညွှန်းတစ်ရပ်ကို အတည်ပြုချက်ချမှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စံသတ်မှတ်မှုစနစ်အရ တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးချိန်တွင် ရိုးပြတ်ငုတ်များကို ဖယ်ရှားရန်လိုအပ်ခြင်းရှိမည် မဟုတ်ကြောင်း ဒုတိယဝန်ကြီး Atthakorn က ပြောကြားခဲ့သည်။

Source: The Nation Thailand, 27 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)