Main menu

ဆန်တန်ချိန် ၈.၂ သန်းအထိ တင်ပို့နိုင်မည်ဟု ထိုင်းအစိုးရ တိုးမြှင့်ခန့်မှန်း

Powered by Drupal

    အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အဓိကဈေးကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း၊ ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖွယ်ရှိပြီး ဘတ်ငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းစသည့် အခြေအနေများအရ ထိုင်းနိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်က ခန့်မှန်းထားသည့် တန်ချိန် ၇.၅ သန်းကို ကျော်လွန်လျက် တန်ချိန် ၈.၂ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိမည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

    ထိုသို့ ဆန်တင်ပို့နိုင်မည့် ပမာဏကို တိုးမြှင့်ခန့်မှန်းထားသော်လည်း ယခင်နှစ်၌ တင်ပို့ခဲ့သည့် ဆန်စုစုပေါင်းပမာဏနှင့် နှိုင်းယှဉ်ပါက ၆.၅% ခန့် လျော့နည်းနေဦးမည်ဖြစ်သည်။ ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် ၂၅% တိုးတက်ခဲ့ကြောင်း၊  ဆန်တင်သွင်းသည့်နိုင်ငံများအနေဖြင့် ပြည်တွင်းစားသုံးရန်နှင့် အရန်ရိက္ခာသိုလှောင်ထားရှိရန်အတွက် ဆန်တင်သွင်းရန် ဆန္ဒရှိနေကြကြောင်း၊ ဈေးနှုန်းများကြီးမြင့်မှုနှင့် ရာသီဥတု ခြောက်သွေ့သည့်ဒဏ်၏ သက်ရောက်မှုတို့မှ လျော့ပါးသက်သာစေရေးအတွက် ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ဆန်ဆက်လက်တင်သွင်းသင့်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

    ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ၂၀၂၄ ခုနှစ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၅.၇၅% ခန့် တိုးတက်ဖွယ်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုမှာ လျော့နည်းလာခဲ့ပြီး ယခုနှစ် နောက်ဆုံးသုံးလပတ်တွင် ဆန်စပါးထွက်ရှိမှုမှာ မြင့်မားနိုင်မည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်လင့်ထားသည်။

     ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် တင်ပို့ရန်ရည်မှန်းထားသော ဆန်တန်ချိန် ၈ သန်းကို ကျော်လွန်လျက် ဆန်တန်ချိန် ၈.၇၇ သန်းတင်ပို့နိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၁၃.၇% တိုးတက်ခဲ့ကြောင်း သိရှိရသည်။

Source: Bangkok Post, 30 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)