Main menu

၂၀၂၅ ခုနှစ်၌ ဆီအုန်းမှ ဇီဝလောင်စာထုတ်လုပ်မှုကို တိုးမြှင့်ရန် အင်ဒိုနီးရှားစီစဉ်

Powered by Drupal

    ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့် (B35) ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံးပြုလျက်ရှိရာမှ လာမည့် ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း (B40) အထိရောနှော၍ လောင်စာဆီအဖြစ် အသုံးပြုရန်စမ်းသပ်နေသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနက ပြောကြားကြောင်း The Edge Malaysia  သတင်းဌာနက ၂၄-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    စားအုန်းဆီ ၃၅ ရာခိုင်နှုန်းခန့်ကို ဇီဝဒီဇယ်အဖြစ် ရောနှောအသုံးပြုခြင်းအစီအစဉ် B35 အရ ၂၀၂၄ ခုနှစ်တွင်သုံးစွဲရန်ခန့်မှန်းထားသည့်ပမာဏမှာ ကီလိုလီတာပေါင်း ၁၃ သန်းခန့်သာ ဖြစ်ပြီး B40 အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လာမည့် ၂၀၂၅ ခုနှစ် တွင် ကီလိုလီတာပေါင်း ၁၆ သန်းအထိ လိုအပ်မည့်ပမာဏ တိုးမြှင့်နိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း၊ B40 အစီအစဉ်အတွက် စမ်းသပ်အသုံးပြုမှုကာလကို ဒီဇင်ဘာလ၌ အပြီးသတ်လျက် အပြည့်အဝအကောင်အထည်ဖော်ခြင်းကို ၂၀၂၅ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Ms. Eniya Listiani Dewi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   အင်ဒိုနီးရှား ဇီဝလောင်စာဆီ ထုတ်လုပ်သူများအသင်း (Indonesian Biofuel Producers Association-APROBI) မှ အထွေထွေအတွင်းရေးမှူး Mr. Ernest Gunawan က အင်ဒိုနီးရှား ဆီအုန်းလုပ်ငန်းနယ်ပယ်သည် တပ်ဆင်ထားသော စက်စွမ်းအားအရ လက်ရှိကာလတွင် ကီလိုလီတာပေါင်း ၁၈ သန်း ထုတ်ပေးလျက်ရှိရာမှ လာမည့်နှစ်တွင် စုစုပေါင်း ကီလိုလီတာ သန်း ၂၀ အထိ နှစ်စဉ် တိုးမြှင့်ထုတ်လုပ်နိုင်ဖွယ်ရှိသဖြင့် B40 အစီအစဉ်၏ ၀ယ်လိုအားကို ဖြည့်ဆည်းပေး နိုင်စွမ်းရှိကြောင်း၊ သို့သော် ၎င်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ကုန်ကြမ်းပစ္စည်း ပိုမိုလိုအပ်လာမည်ဖြစ်ကြောင်းဖြင့် ရိုက်တာ (Reuters) သတင်းဌာနသို့ ပြောဆိုကြောင်း သတင်းရရှိပါသည်။

   ဇီဝဒီဇယ်ကဏ္ဍအတွက် ယခုနှစ်တွင် စားအုန်းဆီကြမ်း လိုအပ်ချက် တန်ချိန် ၁၁ သန်းခန့် ရှိပြီး လာမည့်နှစ်တွင် ဇီဝဒီဇယ် ကီလိုလီတာစုစုပေါင်း ၁၆ သန်း ထုတ်လုပ်နိုင်ရန်အတွက် စားအုန်းဆီကြမ်းလိုအပ်ချက် တန်ချိန် ၁၃.၉ သန်းခန့်ရှိနိုင်ကြောင်း၊ အင်ဒိုနီးရှားတွင် စားအုန်းဆီတင်ပို့မှု ကျဆင်းခြင်းသည် B40 အကောင်အထည်ဖော်ရေးကို အထောက်အပံ့ဖြစ်စေရေး ကုန်ကြမ်းပစ္စည်း အလုံအလောက်ရှိစေရန် ‌ဆောင်ရွက်နေခြင်းကြောင့်သာဖြစ်ကြောင်း၊  စားအုန်းဆီတင်ပို့မှု တိုးမြှင့်ဆောင်ရွက်ခြင်းသည် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ထောက်ပံ့မှု လျော့နည်းစေမည့်အခြေအနေ ဖြစ်ပေါ်စေကြောင်း၊ စားအုန်းဆီလုပ်ငန်းမှ တာဝန်ရှိသူများအနေဖြင့် မည်သည့်ကဏ္ဍက ပိုမိုအကျိုးရလဒ်ဖြစ်ပေါ်စေမည်ကို စစ်ဆေးအကဲဖြတ်ရန် လိုအပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း ဥက္ကဋ္ဌ Mr. Eddy Martono က ပြောကြားကြောင်း ဖော်ပြပါရှိပါသည်။

    ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၂.၂၆% တိုးတက်လျက် တန်ချိန် ၅၄.၄ သန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဇီဝဒီဇယ်ထုတ်လုပ်ရေး လျာထားချက်အရ ပြည်တွင်း၌ စားအုန်းဆီအသုံးပြုမှု မြင့်တက်လာခြင်းကြောင့် တင်ပို့မှုအနေဖြင့် ၂.၄၇% ကျဆင်းလျက် တန်ချိန် ၂၉.၅ သန်းခန့်သာ ရှိနိုင်ကြောင်း ရေးသားဖော်ပြပါသည်။

    အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနသည် စားအုန်းဆီ ၄၀ ရာခိုင်နှုန်းနှင့်ရောနှောထားသည့် ဇီဝဒီဇယ်ကို ယခုသီတင်းပတ်အစောပိုင်း၌ ရထားများတွင် ပထမဆုံးအကြိမ်စမ်းသပ် အသုံးပြုခဲ့ကြောင်း၊ ထပ်မံ၍ စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊ ဓာတ်အားပေးစက်ရုံများနှင့် သင်္ဘောများတွင် စားအုန်းဆီ ၄၀ ရာခိုင်နှုန်းနှင့်ရောနှောထားသည့် ဇီဝဒီဇယ် (B40) အား စမ်းသပ်အသုံးပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 24th July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)