Main menu

ဂျပန်နိုင်ငံ၌ အပူလှိုင်းကြောင့် ဆန်စပါးအရည်အသွေးထိခိုက်မှုက ဆန်ပြတ်လပ်မှုဖြစ်စေ

Powered by Drupal

     ဂျပန်နိုင်ငံတွင် ယခင်နှစ်၌ ကျရောက်ခဲ့သော အပူလှိုင်းဒဏ်ကြောင့် ဆန်အရည်အသွေးဆိုင်ရာ ပြဿာနာများ ဖြစ်ပေါ်ခဲ့ပြီး ဖြန့်ဖြူးမှု ကျဆင်းလာခြင်းကြောင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ အချို့သော စူပါမားကတ်များသည် အထိတ်တလန့် ဆန်ဝယ်ယူမှုများကို တားဆီးရန်အတွက် ကန့်သတ်ချက်များ ချမှတ်ထားကြောင်းနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာပြီးနောက် စားသောက်ကုန် ဝယ်လိုအား တိုးလာခြင်းကြောင့် ဈေးနှုန်းများ တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     ယခုအချိန် ဆန်ရှားပါးမှုသည် Heisei ခေတ်တွင် ဆန်အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အလယ်အလတ် စူပါမားကတ်ဆိုင်ခွဲတစ်ခုဖြစ်သည့် Akidai ၏ ဥက္ကဌ Hiromichi Akiba က ၁၉၉၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော ဆန်ပြတ်လပ်မှုအား ရည်ညွှန်းပြီး ပြောကြားခဲ့သည်။ တိုကျိုမြို့၊ Nerima ရပ်ကွက်ရှိ Akidai ၏ အဓိကစတိုးဆိုင်တွင် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်နေသည့်ကြားမှ  ဝယ်ယူသူတစ်ဦးလျှင် ပစ္စည်းတစ်ခုသာဝယ်ယူရန် ဆန်ရောင်းချမှုကို မကြာသေးမီက ကန့်သတ်ခဲ့သဖြင့် အချို့သောစားသုံးသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေခဲ့ပါသည်။

     ၂၀၂၃ ခုနှစ်၌ စပါးရိတ်သိမ်းထွက်ရှိမှုပမာဏသည် ယခင်နှစ်များနှင့် တူညီမှုရှိသော်လည်း အပူချိန်မြင့်မားမှုကြောင့် စပါးစေ့များသည် ဆန်ဗိုက်သားဖြူခြင်း သို့မဟုတ် အကျိုးအကြေများခြင်းဖြစ်ပေါ်ပြီး ဖြန့်ဖြူးမှုပမာဏ ကျဆင်းသွားခဲ့ရသည်။ အဓိကစူပါမားကတ်ကြီးတစ်ခုသည် လက်ကျန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် လွန်ခဲ့သည့် ဇွန်လကတည်းက ၎င်း၏ အထူးဈေးနှုန်းဖြင့် ရောင်းချမှုအား ဖျက်သိမ်းခဲ့ပြီး အခြားစူပါမားကတ်များတွင်လည်း ယခင်လကထက် ယခုလတွင် ဆန်ဈေးနှုန်းများသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

   ပြည်တွင်းခရီးသွားများ တိုးလာသဖြင့် ဂျပန်အစားအစာ စားသုံးမှုတိုးလာခြင်းသည်လည်း ဈေးနှုန်းမြင့်တက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဆန်လက်ကားရောင်းဝယ်ရေး လုပ်ငန်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏ ဇူလိုင် ၁၆ ရက်နေ့ ထုတ်ပြန်သော ဇွန်လအတွက် ဆန်ထုတ်လုပ်သူ ဈေးနှုန်းအချက်အလက်အရ ဆန်လုံးညိုဈေးနှုန်းသည် ၆၀ ကီလိုဂရမ်လျှင် ယခင်နှစ်ကထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လျက် ယန်းငွေ ၁၅၈၆၅ နှုန်းဖြင့် ၁၁ နှစ် အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

    တိုကျိုမြို့၊ Nakano ရပ်ကွက်ရှိ ဆန်ဆိုင်တစ်ဆိုင်ဖြစ်သည့် Ito Seimaiten တွင် ၀ယ်လိုအားများ မြင့်တက်လာခြင်းကြောင့် သိုလှောင်မှု လျော့နည်းလာပြီး စားသောက်ဆိုင်အသစ်များမှ ဆန်အမှာစာများ ကျဆင်းလျက်ရှိကြောင်း သိရသည်။ ယခုနှစ် သီးနှံရာသီမှ ရိတ်သိမ်းထွက်ရှိသော ဆန်အသစ်များ ဖြန့်ဖြူးမှုကို အလေးအနက်ထား စတင်ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် ဆန်ပြတ်လပ်မှုမှာ နောက်လတွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဝယ်ယူမှု ဈေးနှုန်းများမှာ ကျဆင်းဖွယ်မရှိဖြစ်ကြောင်း အဆိုပါဆိုင်ပိုင်ရှင် Takeo Ito က ပြောကြားခဲ့သည်။

Source: Japan Times, 27 July 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)