![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/185_2.jpg?itok=aeDCiOW0)
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးထားရှိသဖြင့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်များသိရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၁-၇-၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ကွင်းဆင်းလေ့လာရာတွင် မီးလောင်အုပ်စု၌ ရွှေဖရုံသီးစိုက်ပျိုးသူတောင်သူ (၁၂)ဦးရှိပြီး ဖရုံစင်ပေါင်း ၁၂စင်စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ရွှေဖရုံသီးစိုက်ပျိုးသောစင်မှာ (၂)နှစ်အသုံးပြုနိုင်ပြီး ဖရုံသီးတုံးပါက အခြားအနွယ်ပင်များကို ဆက်လက်စိုက်ပျိုးရပါသည်။ စိုက်ပျိုးထားသောမျိုးမှာ ထိုင်ဝမ်မျိုးဖြစ်ပြီး တန်ခူးလဆန်းတွင် စတင်စိုက်ပျိုး၍ ဝါဆိုလဆန်းမှစ၍ ခူးဆွတ်ရောင်းချကြောင်းသိရပါသည်။ ရွှေဖရုံသီးကိုခူးဆွတ်ရာတွင် တစ်ပတ်လျှင်တစ်ကြိမ်ခူးဆွတ်ရပြီး အနည်းဆုံး (၂)လအထိခူးဆွတ်ရ၍ ဖရုံသီးအလုံးရေ ၁၄၀၀ခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် လက်ကားဈေး (အထိုင်ဈေး) တစ်လုံးလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချ၍ ရောင်းရငွေမှာ (၇)သိန်းကျပ်ခန့်ရရှိပြီး ကုန်ကျစရိတ်အနေဖြင့် ကျပ်(၂)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းခန့်ရရှိကြောင်းသိရပါသည်။
ရွှေဖရုံသီးကိုစိုက်ပျိုးလျှင် အရင်းအနှီးမများဘဲ အကျိုးအမြတ်များစွာရရှိသဖြင့် ရွှေဖရုံသီး (လက်ရိုက်သီး) မှာ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)