Main menu

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ပြု လုပ်သည့် ပွဲရုံများသို့ နေ့စဉ်နွေကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လအတွင်း တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ (၁)သောင်းခွဲမှ(၃)သောင်းခန့်အထိ ဝင်ရောက်ကြောင်း၊ ဒေသတွင်းပင်စိုက် ကြက်သွန်နီ အများဆုံးဖြစ်သော ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေ ကုန်းနံဘေးရှိ ‌ကျေးရွာများဖြစ်သော ချတောက်၊ ရွာသစ်ကြီး၊ ရေပုတ်၊ ကံတွင်း၊ အနောက် ကမ်းဖြူ၊ လယ်သာဝ၊ အင်းဂံကျေးရွာများနှင့် ချောက်၊ ပွင့်ဖြူ၊ စလင်းမြို့ရှိကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့် ဝင်ရောက်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

     ဈေးနှုန်းဈေးကွက်အနေဖြင့် ဇူလိုင်လ(ပထမပတ်)တွင် နွေကြက်သွန်နီ(ဂျွန်) တစ် ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၅၀၀)ဈေးဖြစ်ပြီး ပွဲရုံများမှ အရည်အသွေး ပြန်လည်သန့်စင်ပြီး အကြီးအသေးလိုက်၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဇူလိုင်လ(ဒုတိယပတ်)တွင်လည်း ဈေးတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီဈေး ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုန်ပစ္စည်းအရည်အသွေးလိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၁၆၅၀-၁၄၀၀) ပေါက် ဈေးဖြစ်ခဲ့ပြီး ပွဲရုံရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၁၀၀-၁၄၀၀) ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံပြတ်ဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၁၇၅၀-၁၄၀၀)ဈေးပြတ်ခဲ့ပြီး ပွဲရုံမှ ပြန်လည်ရောင်းချဈေး ကြက်သွန်နီအရွယ်အစား အကြီး၊ အလတ်၊ အသေးလိုက်၍  တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း၌ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၀၀၀) ဝန်းကျင်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒေသတွင်းကြက်သွန်နီကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်သော်လည်း နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် ကြက်သွန်နီဈေးကွက် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရသည်။

      ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လအတွင်း ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန် ပိဿာ (၈)သိန်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကားအစီးရေ(၆၀) ကုန်ချိန်ပိဿာ(၆)သိန်းခန့်၊ ပြည်မြို့နှင့် ပုသိမ်မြို့သို့ ကားအစီးရေ (၁၇)စီး၊ ကုန်ချိန်ပိဿာ(၁)သိန်းခွဲခန့်၊ မော်လမြိုင်မြို့သို့ ကားအစီးရေ (၅)စီး ကုန်ချိန်ပိဿာ(၅)သောင်းခန့် တန်ချိန်အားဖြင့်(၁၃၀၆)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ပြည်တွင်းအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာအများဆုံး တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် မော်လမြိုင်ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)