Main menu

ပြည်ပဲဈေးကွက်၌ ဈေးအမြင့်ရနေသော ပဲများ၏ လအလိုက်ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့သော ပဲသီးနှှံများအနက် မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲ စသည့်သီးနှံများမှာ တစ်တင်းလျှင် ကျပ်၁သိန်းအထက်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများအနေဖြင့် ယခုနှစ်၌ ဈေးအေးနေခဲ့ကြောင်းသိရပါသည်။ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပဝယ်လက်ပဲများဖြစ်သောကြောင့် လက်ကားသမားများဝယ်ယူမှုရှိပြီး ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲအမျိုးအစားများမှာမူ ယခုကာလတွင် လက်လီသမားများဖြင့် ပို၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ အဆိုပါပဲများမှ ယခုနှစ်အတွင်း ကျပ်၁သိန်းအထက်ရရှိပြီး ဈေးအမြင့်တွင် ရောင်းဝယ်နေခဲ့သော ပဲများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်စမှစ၍ ယခုအချိန်ထိ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာတွေ့ရှိရပါသည်။

         မတ်ပဲသီးနှံသည် ပြည်ပဝယ်လက်ပဲသီးနှံဖြစ်ပြီး လက်ကားရောင်းဝယ်မှုအဖြစ်များသည့် ပဲဖြစ်ပြီး ပဲသစ်ပေါ်ချိန် နှစ်ဆန်းပိုင်းကတည်းက ပဲဈေးကွက်၌ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၉၇၅၀၀ကျပ်ရရှိခဲ့ကာ  ဈေးအမြင့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ပဲအထွက်လှိုင်လာချိန် အဝင်များလာချိန်တွင်လည်း ဈေးနှုန်းများကျဆင်းသွားခြင်းမရှိဘဲ ကျပ်၉သောင်းအထက်တွင် ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဖေဖော်ဝါရီလမှစ၍ ပဲဈေးနှုန်းထပ်မံမြင့်တက်လာခဲ့တာကြောင့် ကျပ်၁သိန်းအထက်ရရှိလာခဲ့ပါသည်။ ဧပြီလမှစ၍ ဈေးနှုန်းအခြေအနေများအရ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ်၁၀၁၅၀၀ဖြင့်လည်းကောင်း၊ မေလတွင် တစ်တင်းလျှင် ၁၀၅၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ဇွန်လတွင် တစ်တင်းလျှင် ၁၁၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဇူလိုင်လတွင် တစ်တင်းလျှင် ၁၀၉၀၀၀ကျပ်ဖြင့် ဈေးအမြင့်အတိုင်း ဆက်လက်ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ရန်ကုန်ဝယ်လက်အဝယ်ရှိသဖြင့် ပဲလက်ကျန်များ လိုသလောက်ရောင်းချမှုရှိကြောင်းသိရပါသည်။ ပဲစင်းငုံသီးနှံ၏ လအလိုက် နှိုင်းယှဉ်မှုဈေးနှုန်းများအရ ဧပြီလတွင် တစ်တင်းလျှင် ၃၂၀၀၀ကျပ်၊ မေလတွင် ဈေးထပ်မံမြင့်တက်လာပြီး တစ်တင်းလျှင် ၁၃၇၀၀၀ကျပ်၊ ဇွန်လတွင် ဈေးဆက်လက်မြင့်တက်လာခဲ့တာကြောင့် တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် ဇူလိုင်လတွင် တစ်တင်းလျှင် ၁၄၂၀၀၀ကျပ်ဖြင့် တစ်တင်းလျှင် ၃၀၀၀ကျပ်ခန့် ဈေးအနည်းငယ်လျော့သွားခဲ့ပါသည်။ ပဲစင်းငုံသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားရှိသောပဲများထဲတွင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်လျက်ရှိတာကြောင့် မတ်ပဲသီးနှံထက်ပင် ဈေးပိုရရှိနေခဲ့ပါသည်။ ပဲစင်းငုံသီးနှံအား ရန်ကုန်ဝယ်လက်သမားများ အဓိကထားဝယ်ယူသော်လည်း ပဲလက်ကျန်များအား ဝယ်လိုအားရှိသည့်ရက်၌ တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ကျော်ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်းသိရပါသည်။ ပြည်ပဝယ်လိုအားများသော ပဲများအနက် ယခုကာလတွင် ပြည်ပဲဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံသီးနှံသာ အဓိကရောင်းဝယ်မှုဖြစ်နေခဲ့ကြ ပါသည်။

        ပြည်တွင်းလက်လီဝယ်လက်သမားများနှင့် ပြည်တွင်းစားသုံးမှုများသော ပဲများဖြစ်သည့် ထောပတ်ပဲသီးနှံသည် ယခုကာလ၌ ပဲဟောင်းလက်ကျန်များသာရှိခဲ့သည့်အတွက် လက်လီသမားများဖြင့်သာ နေစဉ်ရောင်းဝယ်နေကြရပြီး လအလိုက် ပဲဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေအရ ဧပြီလနှင့် မေလတွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်မှ ၁၀၅၀၀၀ကျပ်အကြားရောင်းဝယ်မှုဖြစ်ပြီး ဇွန်လမှစ၍ ပဲဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်ပဝယ်လိုအားရှိသော ပဲစင်းငုံသီးနှံနည်းတူ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်ရရှိလာခဲ့ကာ ဇူလိုင်လအတွင်း၌လည်း ယခင်ဈေးအတိုင်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်ဟုသိရပါသည်။

      ပဲနီပြားသီးနှံသည်လည်း ထောပတ်ပဲသီးနှံကဲ့သို့ပင် လက်လီသာ ယခုကာလ၌ ရောင်းဝယ်မှုဖြစ်နေခဲ့ပြီး လအလိုက်ပဲဈေးနှုန်းဖြစ်ပေါ်ခဲ့မှုဈေးနှုန်းနှိုင်းယှဉ်မှုအရ ဧပြီလနှင့် မေလအတွင်း ပိဿာ ၂၀ဝင်တစ်တင်းလျှင် ၁၁၅၀၀၀ကျပ်မှ ၁၂၀၀၀၀ကျပ်အကြားရောင်းဝယ်ခဲ့ကြကာ ဇွန်လမှစ၍ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၁၃၀၀၀၀ကျပ်မှ ဇူလိုင်လတွင် တစ်တင်းလျှင် ၁၃၂၀၀၀ကျပ်အထိထပ်မံမြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုပမာဏအနေဖြင့် လက်ကျန်ပဲများဖြင့်သာ လက်လီဝယ်ယူမှုအပေါ် နေ့စဉ်အိတ်အနည်းငယ်စီရောင်းချမှုရှိကြောင်းသိရပါသည်။ ထောပတ်ပဲနှင့် ပဲနီပြားသီးနှံများအနေဖြင့် ပဲပေါ်ချိန် အထွက်လှိုင်ချိန်များတွင်သာ ဈေးကွက်သို့ဝင်ရောက်မှုများပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း လက်ကားသမားများပါ အဝယ်ရှိနေသည့်အတွက် ရောင်းအားသွက်ခဲ့သော််််လည်း ကျန်ကာလများတွင် လှောင်ပဲလက်ကျန်များဖြင့်သာ ရောင်းချနေကြရသော သီးနှံများပင်ဖြစ်သည်။

         နေ့စဉ်စားသုံးမှုများသော စားတော်ပဲသီးနှံမှာမူ မင်းတုန်းစားတော်ပဲနှင့် ကျွန်းစားတော်ပဲဟူ၍ အမျိုးအစားကွာခြားမှုရှိကာ ကျွန်းစားတော်ပဲမှာ မင်းတုန်းစားတော်ပဲထက် ဈေးပိုရသည်ဟုသိရပါသည်။ စားတော်ပဲသီးနှံသည် လက်လီရောင်းဝယ်မှုအဖြစ်များသော ပဲသီးနှံတစ်မျိုးဖြစ်ခဲ့ကာ ဈေးကွက်၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါသည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေအရ ပဲဈေးနှုန်းမှာ ကျန်ပဲများကဲ့သို့ ဈေးအတက်အကျမများဘဲ ဈေးငြိမ်၍ ရောင်းဝယ်လျက်ရှိခဲ့သောကြောင့် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ် (၁)သိန်းဖြင့်ရောင်းချခဲ့ပြီး ဇူလိုင်လတွင် ဈေးအနည်းငယ်တက်လာသဖြင့် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်အထိရရှိခဲ့သည်ဟုသိရပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲနီပြားသီးနှံများအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးမြင့်တက်မှုရှိလာခဲ့သော်လည်း စားတော်ပဲသီးနှံမှာမူ ပဲဈေးကွက်မှာ ယခင်နှစ်၏ ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်ပင် တစ်တင်းလျှင် ကျပ် (၁)ထောင်ခန့်ဈေးလျော့နေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)