Main menu

အိန္ဒိယဈေးကွက်၌ ပဲစင်းငုံဈေးနှုန်း ကျဆင်းနေချိန် ကုလားပဲဈေးနှုန်းများ ၁၀% အထိ မြင့်တက်

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် စားသုံးမှုပမာဏအများဆုံး ပဲမျိုးအစားဖြစ်သော ကုလားပဲ၏ ဈေးနှုန်းများသည် ပွဲတော်ရာသီကာလမတိုင်မီ ဝယ်လိုအားမြင့်မားလာမှုအရ လွန်ခဲ့သော ၁ လတာအတွင်း ၁၀% အထိ မြင့်တက်လာခဲ့သည်ဟု ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ စီမံခန့်ခွဲမှုလုပ်ကိုင်သူများက ပြောကြားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

    ကုလားပဲသည် မလိုင်မုန့်နှင့် အိန္ဒိယရိုးရာသရေစာ အများအပြား၌ ကျယ်ပြန့်စွာ သုံးစွဲမှုရှိ သဖြင့် ဈေးနှုန်းများမှာ ဆက်လက်ခိုင်မာနေမည်ဖြစ်ကြောင်း၊ သို့ရာတွင် လွန်ခဲ့သောလအတွင်း ပဲစင်းငုံဈေးနှုန်းများမှာ ၅% ခန့်ကျဆင်းခဲ့ခြင်းကြောင့် စားသုံးသူများအတွက် သက်သာရာရရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုထားကြသည်။

    အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏ အဆိုအရ ပွဲတော်ရာသီ၏ ဝယ်လိုအားတည်ငြိမ်မှု၊ ပြည်တွင်းမှ ကုန်ပေးသွင်းနိုင်စွမ်းနည်းပါးမှု၊ အစိုးရ၏လက်ဝယ်တွင် အရန်လက်ကျန် အကန့်အသတ်ရှိမှုနှင့် သိုလှောင်သူများအကြား ရောင်းချလိုစိတ်နည်းပါးမှုတို့ကြောင့် ကုလားပဲဈေးနှုန်းများသည် အမြင့်ပိုင်း၌ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

    စားတော်ပဲပမာဏ အမြောက်အမြား တင်သွင်းခဲ့ခြင်းသည် အစိုးရက မျှော်လင့်ထားသည့် ကုလားပဲဝယ်လိုအား ထိန်းချုပ်နိုင်ရန်အတွက် အထောက်အကူပြုခြင်း မရှိကြောင်း၊ သို့ရာတွင် စက်တင်ဘာလကုန်အထိ ကာလအတွင်း အာဖရိကနှင့် ဩစတေးလျတို့ထံမှ ပဲတင်သွင်းမှုက ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်မှုကို ကာကွယ်ပေးလိမ့်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

     မဟာရဋ္ဌပြည်နယ် Akola မြို့ အခြေစိုက် ပဲမျိုးစုံ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သော Rupesh Rathi က စားတော်ပဲ ကုန်ချိန်များစွာ တင်သွင်းခဲ့သော်လည်း ကုလားပဲနေရာ၌ အစားထိုးနိုင်မှုမှာ မျှော်မှန်းထားသည်ထက် သိသာစွာနိမ့်ကျလျက်ရှိပြီး ကုလားပဲဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။ ပြည်တွင်း၌ ဈေးနှုန်းမြင့်မားခြင်းသည် ကုလားပဲတင်သွင်းမှုကို ပိုမိုများပြားစေမည်ဟု ခန့်မှန်းရပြီး ဈေးနှုန်းသိသာစွာ မြင့်တက်မှုကို တားဆီးနိုင် မည်ဖြစ်ကြောင်း IPGA ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

     အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း စားတော်ပဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ကို အစိုးရက ထပ်မံသက်တမ်းတိုးပေးမှု ရှိ/မရှိနှင့် နိုင်ငံပိုင်ဝယ်ယူရေး အေဂျင်စီဖြစ်သော အမျိုးသား လယ်ယာထွက်ကုန်ဈေးကွက် သမဝါယမအသင်းချုပ်၏ ကုလားပဲ အဝယ်တင်ဒါ ခေါ်ယူမှုတို့က ပွဲတော်ရာသီကာလများအတွင်း ကုလားပဲဈေးနှုန်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

     မိုးသီးနှံရာသီ၌ စိုက်ဧကများ တိုးတက်လာခြင်း၊ အာဖရိကဒေသမှ ဈေးသက်သာစွာဖြင့် ပဲအသစ်များ ဝင်ရောက်မှုရှိခြင်း၊ သိုလှောင်ထားသူများ အနေဖြင့် ဈေးကွက်အတွင်းသို့ ရောင်းချပေး ရန် ဖိအားပေးခံထားရခြင်း၊ ဈေးနှုန်းချိုသာသော အခြားအစားထိုးပဲများရှိခြင်းနှင့် ဈေးကွက် ဝယ်လိုအား နိမ့်ကျမှုအရ ပဲခွဲစက်လုပ်ငန်းရှင်များ၏ ဝယ်ယူမှု နှေးကွေးလျက်ရှိခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ထမင်းနှင့် အခြားမုန့်ပဲသရေစာများနှင့် တွဲဖက်၍ နေ့စဉ်ဟင်းလျာအဖြစ် စားသုံး လေ့ရှိသော ပဲစင်းငုံ၏ဈေးနှုန်းများမှာမူ ကျဆင်းလျက်ရှိသည်။

     IPGA ကုန်သည်အသင်း၏ အချက်အလက်များအရ Akola မြို့တွင် ပဲခွဲစက်များမှ ရောင်းချ သော ပဲစင်းငုံဈေးနှုန်းသည် တစ်လအတွင်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) အပေါ်တွင် ရူပီးငွေ ၇၀၀ သို့မဟုတ် ၄.၂% လျော့ကျလျက် ၁ ကွင်တယ်လျှင် ၁၅၈၀၀ ရူပီးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ သို့သော် ၎င်းဈေးနှုန်းသည် ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ပဲစင်းငုံဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၉% ခန့် မြင့်မားနေဆဲဖြစ်သည်။

     ပဲစင်းငုံ၏ဈေးနှုန်းများသည် ရှေ့လာမည့်လများ၌ ဖြစ်ပေါ်နိုင်မည့် ရာသီဥတု အခြေအနေ၊ အာဖရိကဒေသ၌ ပဲများပေးသွင်းအား နှောင့်နှေးမှု၊ ပွဲတော်ရာသီကာလအတွက် ဝယ်လိုအား မြင့် တက်မှုနှင့် တမီနာဒူနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များတွင် အစိုးရ၏ ပဲဝယ်ယူရေး ဆောင်ရွက်ရန် အတည်ပြုမည့် အလားအလာ စသည့်အကြောင်းအရင်းများအရ ပြန်လည်မြင့်တက်လာနိုင်ခြေ ရှိသည်။

     ပဲစင်းငုံဈေးနှုန်း ပြန်လည်မြင့်တက်မှုသည် အများဆုံး ၅% မှ ၆% အတွင်းသာရှိနိုင်ကြောင်း၊ ကာနာတကာပြည်နယ်၌ ပဲစင်းငုံကို ဆောလျင်စွာစိုက်ပျိုးခဲ့သဖြင့် သီးနှံအသစ်သည်လည်း တစ်လ စော၍ နိုဝင်ဘာလတွင် ထွက်ပေါ်နိုင်ကြောင်း၊ သို့ဖြစ်ရာ အောက်တိုဘာလတိုင်အောင် ပဲစင်းငုံ ဈေးနှုန်းသည် ၁ ကီလိုဂရမ်ပေါ်တွင် အများဆုံး ၅ ရူပီး -  ၆ ရူပီးခန့်သာ မြင့်တက်ဖွယ်ရှိကြောင်း Akola မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Mr. Rathi က ပြောဆိုခဲ့သည်။

     စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်ဖြစ်သူ Deepak Pareek က တန်ဇန်နီးယားနိုင်ငံ၌ လေလံ စနစ်တစ်ခုတည်းကိုသာ ဝယ်ယူရေး နည်းလမ်းအဖြစ် မိတ်ဆက်ဆောင်ရွက်မှုကြောင့် ၎င်းဒေသမှ ပဲတင်ပို့မှုမှာ နှောင့်နှေးမှုရှိကြောင်း၊ အိန္ဒိယပြည်တွင်း၌မူ ယခင်သီတင်းပတ်မှစတင်၍ ပဲစင်းငုံ ဝယ်လိုအား ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ထို့အပြင် မိုဇမ်ဘစ်နိုင်ငံနှင့် ပဲကုန်သွယ်ရန် လိုလားမှုမရှိခြင်းကလည်း ပဲစင်းငုံဈေးနှုန်း မြင့်တက်လာသည်ကို မြင်တွေ့ရနိုင်သည့် အကြောင်းအရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Economic Times, 6 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)