Main menu

ပေါက်ခေါင်းမြို့နယ်ရှိ ဖရဲစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့သည် (၁၇.၃.၂၀၂၂) ရက်နေ့ နံနက် ၁၀:၀၀နာရီ အချိန်တွင် ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာရှိ ဖရဲသီးစိုက်တောင်သူနှင့်တွေ့ဆုံ၍ ဖရဲဈေးနှုန်းဈေးကွက်အခြေအနေနှင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အကျိုးအမြတ်တို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

          ပေါက်ခေါင်းမြို့နယ်တွင် ဖရဲကို ယခုနှစ်တွင်လေးကြီးရွာ၊ သဖန်းချိုရွာ၊ ကမ်းနီရွာနှင့် ဗောဓိကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ဖရဲသီး စိုက်ဧကမှာ (၁၅၀)ရှိပြီး၊ ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းကျေးရွာနေ ဖရဲစိုက်ပျိုးသူ တောင်သူဦးဝင်းဇော်နှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ဖရဲကို (၂)ဧကစိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ၇၄၇မျိုး၊ မျှားနီမျိုးနှင့် ဟီးရိုးမျိုးတို့ဖြစ်ပါသည်။ ဖရဲတစ်ဧကလျှင် ဖရဲစေ့ (၄၀၀)ကျော်စိုက်ပျိုးရပြီး တစ်ဧကအထွက်နှုန်းမှာ (၇၅၀-၈၀၀)ခန့် ထွက်ရှိပါသည်။ ဖရဲကို စိုက်ပျိုးပြီး ၂လခွဲအကြာတွင် စတင်အသီးများဆွက်ခူးရပါသည်။ ဖရဲတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၅)သိန်းဝန်းကျင်ခန့် ကုန်ကျသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၇)သိန်းကျပ်ခန့်ရရှိသည်ဟုသိရပါသည်။

          ပေါက်ခေါင်းဒေသထွက် ဖရဲသီးကို ယခုအချိန်တင်ပို့မှုမရှိဘဲ ဒေသတွင်းသာရောင်းချရသဖြင့် ဈေးကောင်းမရဘဲ ဖရဲသီး (ကြီး/လတ်/သေး) တစ်လုံးလျှင် ၁၅၀၀/၁၀၀၀/၅၀၀ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။ ဖရဲစိုက်ပျိုးသူတောင်သူများအနေဖြင့် သွင်းအားစုများဈေးကြီးခြင်း၊ စက်သုံးဆီဈေးမြင့်မားနေမှုကြောင့် ထွန်ယက်ခများဈေးကြီးခြင်း၊ ဖရဲသီးဈေးကောင်းမရခြင်းတို့ကြောင့် ယခုနှစ်ဖရဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်မှာရသင့်သလောက်မရဘဲ အနည်းငယ်သာရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)