Main menu

အရန်ထားရှိမှုမှ ဆန်များကို တိုက်ရိုက်ဝယ်ယူရန် ပြည်နယ်များသို့ အိန္ဒိယအစိုးရခွင့်ပြု

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် ပြည်နယ်များအနေဖြင့် e-auction ခေါ် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလေလံစနစ်၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) ထံမှ အရန်ထားရှိသော ဆန်များကို ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၈၀၀ နှုန်းဖြင့် ပြည်တွင်းသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်အောက်မှ တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Pralhad Joshi က ပြောကြားခဲ့သည်။

      ယခုဆုံးဖြတ်ချက်သည် ဗဟိုအစိုးရ၏ အရန်ရိက္ခာဆန် စုဆောင်းထားရှိမှုတွင် ပမာဏ ကြီးမားစွာ ပိုလျှံမှုဖြစ်ပေါ်လျက်ရှိရာ သီးနှံရာသီအသစ် ဝယ်ယူရေးကာလမတိုင်မီ၌ လျှော့ချနိုင်ရေးအတွက် ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ယခင်နှစ်၌ အရန်ရိက္ခာမှဆန်များကို ပြည်နယ်အစိုးရများက ဝယ်ယူရာတွင် e-auction စနစ်ဖြင့်သာ ပါဝင်ဆောင်ရွက်ရန် ဗဟိုအစိုးရက ကန့်သတ်ထားခဲ့ပြီး ယင်းအချက်သည် ကာနာတကာပြည်နယ် အစိုးရအပေါ် ထိခိုက်သက်ရောက်မှုရှိခဲ့သည်။ အဆိုပါ ပြည်နယ်တွင် ယခင်နှစ် ပြည်နယ်ရွေးကောက်ပွဲပြီးစီးချိန်၌ အနိုင်ရရှိခဲ့သော ကွန်ဂရက်ပါတီအစိုးရအဖွဲ့သည် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများသို့ ဆန် ၁၀ ကီလိုဂရမ်နှုန်းဖြင့် အခမဲ့ထောက်ပံ့မည်ဟူသော ရွေးကောက်ပွဲ ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရန်ရိက္ခာဆန် တန်ချိန် ၂.၃၄ သိန်း ထပ်မံလိုအပ်ချက် ဖြစ်ပေါ်ခဲ့သည်။

     သို့ရာတွင် ဗဟိုအစိုးရသည် ပြည်နယ်များသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်မှ ဆန်နှင့်ဂျုံ ရောင်းချမှုကိုရပ်ဆိုင်းခဲ့ရာ ကာနာတကာပြည်နယ်အစိုးရက အပြစ်တင်ဝေဖန်မှုပြုခဲ့သည်။

Source: New Indian Express, 2 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)