Main menu

ကမ္ဘာ့ဆန်ထွက်ရှိမှု မြင့်မားခြင်းက ထိုင်းဆန်တင်ပို့မှုကို လျော့ကျစေနိုင်

Powered by Drupal

    ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး (R&D) လုပ်ဆောင်မှု နည်းပါးခြင်း၊ ကမ္ဘာ့ရောင်းလိုအား မြင့်တက်လာခြင်းနှင့် နှစ်ကုန်တွင် အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခြင်း စသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာကြောင့် ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆန်တန်ချိန် ၈ သန်း အောက် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

    လာမည့်နှစ်တွင် ဆန်တင်ပို့မှုသည် အစောပိုင်း၌ ခန့်မှန်းထားသည့် တန်ချိန် ၈.၂ သန်း အောက်သို့ ကျဆင်းသွားဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့သည်။

    ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာ ရှိနိုင်ကြောင်း၊ အဆိုပါအချက်များမှာ အထူးသဖြင့် ကမ္ဘာ့ဆန်လက်ကျန် ၁.၄% တိုးမြင့်လာခြင်း၊ လာနီညာ ရာသီ  ဥတုဖြစ်စဉ်၏ သက်ရောက်မှုအနေဖြင့် စိုက်ပျိုးရန် မိုးရေချိန် တိုးလာခြင်းကြောင့် အကြမ်းဖျင်း အားဖြင့် ဆန်တန်ချိန် ၅၂၈ သန်းအထိ ရောက်ရှိနိုင်ခြင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ စသည့် ဆန်အဓိကတင်ပို့သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆန်စပါး သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး (R&D) လုပ်ကိုင်မှုနည်းပါးသဖြင့် အထွက်နှုန်းနိမ့်ကျခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု ကန့်သတ် ချက်များကို အိန္ဒိယမှ ရုပ်သိမ်းနိုင်ခြေရှိခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်ရှိ ဆန်ဝယ်လိုအား အပြောင်းအလဲများကို အချိန်နှင့် တစ်ပြေးညီ နားစွင့်၍ နိုင်ငံ၏ဆန်မူဝါဒကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် နူးညံ့ပျော့ပျောင်းသောဆန်ကို ဦးစားပေးပြီး အထွက်ပမာဏ တိုးစေရန်အတွက်မူ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကဏ္ဍတွင် ပို၍ရင်းနှီးမြုပ်နှံရန် လိုအပ်ကြောင်း သိရှိရသည်။

      ဗီယက်နမ်သည် ပြည်တွင်းစားသုံးရန်အတွက် ဈေးသက်သာသောဆန်ကို အိန္ဒိယမှ တင် သွင်းပြီး ဆန်မွှေးနှင့် နူးညံ့ပျော့ပျောင်းသောဆန်ကဲ့သို့သော တန်းမြင့်ဆန်များကို မြင့်မားသော ရောင်းဈေးနှင့် တန်ဖိုးမြှင့်ခြင်းဖြင့် ၎င်း၏ ဆန်တင်ပို့မှုမူဝါဒကို ထိန်းညှိထားကြောင်း သိရှိရသည်။

     ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ဆန်တင်ပို့မှုကိစ္စနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မပြုလုပ်ပါက ၎င်း၏ ဆန်အဓိကတင်ပို့သည့် ဈေးကွက်ဝေစု နိုင်ငံအရေအတွက် လျော့နည်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် စပါးမျိုးကွဲများနှင့် ခေတ်မီစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံများစွာအနေဖြင့်လည်း မိမိတို့နိုင်ငံအတွင်း ဆန်ဖူလုံရေး မူဝါဒများဆီသို့ ကူးပြောင်းကျင့်သုံးနေကြကြောင်း သိရှိ ရသည်။

     ၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုတန်ချိန် ၁၈ သန်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး ကမ္ဘာတစ်ဝန်း၌ ဆန်တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇.၅ သန်း၊ ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇.၅ သန်းနှင့် ပါကစ္စတန်နိုင်ငံသည် ဆန်တန်ချိန် ၅.၆သန်း တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန် ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားသည်။

    ထိုင်းနိုင်ငံအနေဖြင့် တစ်လလျှင် ပျမ်းမျှဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့နိုင်ပါက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆန်တင်ပို့ရန် လျာထားချက် တန်ချိန် ၈.၂ သန်းကို ပြည့်မီလိမ့်မည်ဖြစ်ကြောင်း၊ ဆန်တင်သွင်းမှု တန်ချိန် ၄.၇ သန်းနှင့် တန်ချိန် ၄.၃ သန်း အသီးသီး တိုးမြှင့်ရန် မျှော်မှန်းထားသော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များမှ ဝယ်လိုအားရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ ရှိမည့် ဆန်တန်ချိန် ၉ သန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse ၏ ပြောကြားချက်အရ သိရသည်။

    သို့သော်လည်း မုတ်သုံရာသီကြောင့် မိုးရွာသွန်းမှု များပြားလာပြီးနောက် အိန္ဒိယသည် ၎င်း၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်လာနိုင်သောကြောင့် အိန္ဒိယ၏ ဆန်မူဝါဒကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ အိန္ဒိယ၏ ဆန်တင်ပို့မှု ကန့် သတ်ချက်အပေါ် ပြန်လည်သုံးသပ်မှုသည် ပုံမှန်ကမ္ဘာ့ဆန်လက်ကျန် တန်ချိန် ၁၄၀ သန်းသို့ ပြန်လည်ရောက်ရှိစေရန် ဦးတည်နေကြောင်း၊ အိန္ဒိယဆန်သည် အခြား ဆန်တင်ပို့သည့်နိုင်ငံများထက် ဈေးသက်သာသောကြောင့် အိန္ဒိယ၏ဆန်မူဝါဒသည် ကမ္ဘာ့ဆန်တင်ပို့မှုကို သက်ရောက်စေနိုင်ကြောင်း သိရှိရသည်။

Source: Bangkok Post, 1 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)