အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်း၌ ခေါ်ယူခဲ့သည့် နိုင်ငံတကာတင်ဒါတစ်ခုတွင် ဆန်မက်ထရစ်တန်ချိန် ၃၂၀,၀၀၀ ခန့် ဝယ်ယူခဲ့သည် ဟု ယုံကြည်ရကြောင်း ဥရောပကုန်သည်များက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ သည်။
ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁၈၅,၀၀၀ နှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၃၅,၀၀၀ တို့ကို ဝယ်ယူခဲ့သည်ဟု ကုန်သည်များက ခန့်မှန်းထားပြီး အဆိုပါ ဆန်များအားလုံးအတွက် သင်္ဘောတင် စရိတ်နှင့် သယ်ယူပို့ဆောင်ခပါဝင်သည့် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၃ ခန့် ရှိကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။ ၎င်းအစီရင်ခံ ဖော်ပြ ချက်များသည် ကုန်သည်များ၏ အကဲဖြတ်ချက်များအပေါ် အခြေခံထားပြီး ဈေးနှုန်းနှင့် ပမာဏ ခန့်မှန်းချက်များသည် ဈေးကွက်အခြေအနေအရ နောက်ပိုင်းတွင် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရပါသည်။
အဆိုပါတင်ဒါတွင် စျေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၃၁ ဖြစ်ပြီး Bulog သည် ပုံမှန်အားဖြင့် ရက်ပေါင်းများစွာ ကြာမြင့်သော ကနဦးကမ်းလှမ်းမှုများ လုပ်ဆောင်ပြီးနောက် စျေးနှုန်းညှိနှိုင်းမှုများစတင်ခဲ့သည်ဟု ကုန်သည်များကပြောကြားခဲ့သည်။ Bulog သည် ၂၀၂၄ ခုနှစ် သီးနှံရာသီမှ ထွက်ရှိသောစပါးများအား လွန်ခဲ့သည့် ခြောက်လထက် ကြာမြင့်မှုမရှိပဲ ကြိတ်ခွဲထားသည့် ဆန်ကွဲ ၅ % ပါသော ဆန်ဖြူကို သြဂုတ်လမှ စက်တင်ဘာလ အတွင်း အင်ဒိုနီးရှားဆိပ်ကမ်းသို့အရောက် တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နှင့် ပါကစ္စတန် တို့မှ ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းကမ်းလှမ်းနိုင် ကြောင်း သိရသည်။
ပြည်တွင်း၌ စပါးအထွက်ကျဆင်းခဲ့ပြီးနောက် ဈေးနှုန်းသက်သာစေရေး ဆန်တင်သွင်းမှု တိုးမြှင့်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ပထမနှစ်ဝက် တွင် နိုင်ငံတကာတင်ဒါများ ခေါ်ယူလျက် ဆောင်ရွက်ခြင်းဖြစ်သည်။ ပြည်တွင်းရိတ်သိမ်းထွက်ရှိမှု သည် လုံလောက်ခြင်းမရှိခဲ့ပါက ယခုနှစ်တွင် ဆန်တန်ချိန် ၄ ဒသမ ၃ သန်းအထိ တင်သွင်းရမည် ဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသားစားနပ်ရိက္ခာအေဂျင်စီက ဇူလိုင်လ ၂၂ ရက်နေ့၌ ပြောကြား ထားသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တင်သွင်းရန် စီစဉ် ထားသည့်အနက် ဇန်နဝါရီလမှ မေလအတွင်း ဆန်တန်ချိန် ၂ ဒသမ ၂၂ သန်းကို တင်သွင်းခဲ့ပြီးဖြစ် သည်။ အင်ဒိုနီးရှား စာရင်းအင်းအေဂျင်စီက ဇန်နဝါရီမှ သြဂုတ်လအတွင်း ဆန်ထွက်ရှိမှုသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၉.၅၂% လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ဆိုးရွားသော ရာသီဥတုဒဏ်ကြောင့် ကောက်ပဲသီးနှံများထွက်ရှိမှု ထိခိုက်ခဲ့ပြီးနောက် နိုင်ငံ၏ လူဦးရေ သန်း ၂၇၀ အတွက် ပြည်တွင်းဆန်ဈေးနှုန်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် ၁၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
Source: Market Screener, 5 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)