Main menu

ပူပြင်းခြောက်သွေ့မှုကြောင့် မလေးရှား၏ ဆန်စပါးထုတ်လုပ်မှု ၅၀% ခန့်လျော့ကျဖွယ်ရှိ

Powered by Drupal

    မလေးရှားနိုင်ငံတွင် အပူလွန်ကဲမှုနှင့် မိုးခေါင်မှုကြောင့် စပါးဧက ၁၃၀၀၀၀ (၅၂၆၀၉.၁၃ ဟက်ကာ) ခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ ယခုနှစ် ဆန်စပါးထုတ်လုပ်မှုအတွက်  ကိုယ်ပိုင်စွမ်းအားဖြင့် လုံလောက်နိုင်မှုအဆင့် (Self-Sufficiency Level - SSL) သည် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ ကြောင်း The Malaysian Reserve သတင်းဌာနက ဖော်ပြထားသည်။

    အဆိုပါအချက်က နိုင်ငံ၏ တင်သွင်းဆန်အပေါ် မှီခိုအားထားရမှုအား လျှော့ချရန် ရည်ရွယ်ထားသည့် နှစ်စဉ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း တိုးမြှင့်ရန်လျာထားချက်မှ ၁၀ ရာခိုင်နှုန်း ကျဆင်းစေခြင်းဖြစ်သည်။ Perak, Perlis, Kedah, Melaka နှင့် Kelantan တို့ကဲ့သို့သော အဓိက စပါး စိုက်ပျိုးရာဒေသများတွင် ဆည်ရေရရှိမှု မလုံလောက်ခြင်းသည် လက်ရှိ စိုက်ပျိုးထားရှိမှု ရက် ၅၀ မှ ၆၀ အတွင်း သက်တမ်းရှိနေပြီဖြစ်သော စပါးစိုက်ခင်းများကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သိရှိရပါသည်။

     Perlis ပြည်နယ်တွင် Timah Tasoh ဆည်၌ ရေပမာဏ လွန်စွာလျော့ကျမှုကြောင့် စိုက်ပျိုးရေးအတွက် ရေပေးဝေမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် အခြေအနေပိုမိုဆိုးရွားလာခဲ့ကြောင်းနှင့်  Perak ပြည်နယ်ရှိ Bukit Merah ရေကန်သည်လည်း ဇွန်လကတည်းကပင် ခြောက်သွေ့သွားခဲ့ကြောင်း သိရှိရပါသည်။

     Perak, Kedah, Kelantan နှင့် Terengganu ပြည်နယ်များတွင် စုစုပေါင်း စပါးစိုက် ဧရိယာ ၈၇၈၈ ဧကသည် ခြောက်သွေ့မှုဒဏ်ကို ကြုံတွေ့ခဲ့ရကြောင်း တောင်သူလယ်သမားများ အဖွဲ့ ဥက္ကဋ္ဌ Datuk Mahfuz Omar ၏ ပြောကြားမှုအား မလေးနေ့စဉ်ထုတ် သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ မလေးရှားလယ်သမားညီအစ်ကိုများအသင်း (PeSAWAH) ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Abdul Rashid Yob ကလည်း လက်ရှိကာလအထိ ပူပြင်းသောရာသီဥတုကြောင့် Kerian, Bagan Serai, Selinsing နှင့် Semanggol ဒေသများတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သော စပါးစိုက်ဟက်တာ ၅၀၀၀ ခန့်ရှိကြောင်းနှင့် လယ်ကွင်းများလည်း ခြောက်သွေ့နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့အပြင် Kelantan ပြည်နယ်အတွင်း Kemubu စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (KADA) လက်အောက်ရှိ စပါးစိုက်ဧရိယာ ဟက်တာ ၃၇,၀၀၀ သည် ဆည်ရေမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊  မလက္ကာ (Melaka) ဒေသတွင်လည်း စပါးမဟုတ်သော သီးနှံစိုက်ပျိုးမှု ဧရိယာများမှာ ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအချက်များက SSL ဖူလုံမှုအဆင့် ကျဆင်းမည်ဟု ခန့်မှန်းရပြီး လယ်သမားများအတွက် ဆုံးရှုံးနိုင်ခြေများကို ဦးတည်နေကြောင်း သိရှိရပါသည်။

Source: The Malaysian Reserve, 1 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)