ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး မစိုက်ပျိုးရဘဲ သဘာဝအလျောက် တောင်များပေါ်တွင် အလေ့ကျပေါက်ရောက်သော သီးနှံများလည်းဖြစ်ထွန်းလျက်ရှိရာ ယခုကဲ့သို့သော မိုးရာသီတွင် ဝါးပင်များ၌ မျှစ်နုများထွက်ပေါ်လျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်၊ တောင်တော်ရွာ၊ ကင်းရွာ၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးရွာ၊ မြင်းရွာကြီးရွာနှင့် မြင်းဒါးဝယ်ကျေးရွာများမှာ မျှစ်များထွက်ရှိရာရွာများဖြစ်ပါသည်။ မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များတွင် သွားရောက်ချိုးယူ၍ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ လူတစ်ဦးကို တစ်ရက်လျှင် မျှစ်(၁၀)ပိဿာရကြောင်း၊ တောထဲမှချိုးလာသော မျှစ်အစိမ်း (၁)ပိဿာလျှင် ယခင်နှစ်ပေါ်ချိန်တွင် (၅၀၀/-)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ယခုနှစ်မျှစ်ပေါ်ချိန်တွင် မျှစ်အစိမ်း(၁)ပိဿာလျှင် (၁၅၀၀/-)ကျပ်အထိရောင်းချရကြောင်း၊ မျှစ်ချို(၁)ပိဿာလျှင် ယခင်နှစ်ပေါ်ချိန်တွင်(၁၂၀၀/-)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ယခုနှစ်မျှစ်ပေါ်ချိန်တွင် (၁)ပိဿာလျှင် (၂၅၀၀/-) ကျပ်အထိရောင်းချရကြောင်း၊ မျှစ်များကို ရွာအရောက် လာရောက်ဝယ်ယူသူများရှိကြပြီး အခြား ကျေးရွာများသို့လည်း ဆိုင်ကယ်များဖြင့် သွားရောက်ရောင်းချကြကြောင်း၊ ဖောက်သည်စျေးအနေဖြင့် အနည်းဆုံး(၁၀)ပိဿာလျှင် (၂၀၀၀/-)ကျပ်စျေးဖြင့်ရောင်းချပေးကြောင်း၊ ရာသီပေါ်မျှစ်များထွက်ရှိချိန်တွင် တောင်ပေါ်တက်၍ ချိုးနိုင်သူများ အလုပ်ဖြစ်ပြီး စီးပွားရေးပြေလည်ကြောင်း၊ မျှစ်ချိုး၍ရောင်းချသောကြောင့် မိသားစုအပိုဝင်ငွေများရရှိကာ စားဝတ်နေရေးပြေလည်ကြောင်း မျှစ်ချိုး၍ ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)