Main menu

ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ် အခြေခံပညာအထက်တန်းကျောင်းတွင် (၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား စသည်တို့၏အဓိပ္ပါယ်များကိုလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ကျန်းမာရေးသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာရေး၏တန်ဖိုးကိုသိရှိနားလည်ပြီး၊ လူတိုင်းသည်ကျန်းမာရေးကောင်းမွန်နေရန် အလွန်အရေးကြီးကြောင်း၊ ကျန်းမာရေးကောင်းနေမှသာ အခြားကိုယ်လုပ်ချင်သည့် လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်နိုင်မည်၊ သင်ယူလိုသည့်ပညာများကိုသင်ယူနိုင်မည်၊ စားသောက်ချင်သည့်အစားအစာများကို စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ခေတ်ကိုလိုက်၍ လူနေမှုပုံစံများ၊ စားသောက်မှုပုံစံများပြောင်းလဲလာသည့်အတွက် ကျန်းမာရေးချို့ယွင်းမှုများများလာကြောင်း၊ ကျောင်းသား/ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍ ကျန်းမာရေးအသိပညာများလိုက်စားမှု၊ ရရှိမှုများရှိရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများတွင် သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသား/ ကျောင်းသူ/ ကလေးသူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ဗဟုသုတများအား လိုက်လံဟောပြောမှုများဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ မုန့်မျိုးစုံနှင့် ကုန်ပစ္စည်းများအား ဝယ်ယူစားသောက်သုံးစွဲသည့်အခါ လုံခြုံစိတ်ချရမှုရှိရန် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန်လိုအပ်ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များအားမေးမြန်းရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာအကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပြီးနောက် ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၆၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)