Main menu

ပဲခူးမြို့ဒေသထွက် ငါးရံ့ခြောက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်းအင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သည့် ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်းထွက်သည့်အပြင် ပဲခူးဒေသထွက် ငါးရံ့ခြောက်သည် အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လက်ဆောင်ပေးခြင်းအတွက်ကြောင့်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။

       ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်း၊ အိုင်များမှ အများဆုံးရရှိလျက်ရှိပြီး ရရှိလာသောငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲအူထုတ်ပြီး ခွဲသည့်အခါ ပုံကျအောင် စနစ်တကျခွဲရသည်။ ခွဲပြီးသောငါးရံ့များကို ငါးရံ့အစိမ်းပိဿာ၁၀၀လျှင် ဆား ၃ပိဿာ၊ ၅၀သားနှုန်းဖြင့်နှပ်ပြီး တစ်ညစိမ်ရကာ မနက်ရောက်လျှင် ရေစင်အောင် လေးထပ်ခန့်ဆေးပြီး နေလှန်းရသည်။ နေလှန်းသည့်အခါ နွေဆိုလျှင် နှစ်ရက်ခန့်ခြောက်ပြီး ဆောင်းနှင့်မိုးရာသီရောက်လျှင် မီးအပူဖြင့် ကြပ်တင်၍ ခြောက်အောင်လှန်းရသည်။

        ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀အထိ အကောင်အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါငါးအစိုတစ်ပိဿာအားခွဲခြမ်းပြီး နေလှန်းရာတွင် ငါးခြောက်အဖြစ် ၂၅ကျပ်သား၊ ၃၀ကျပ်သားခန့်ထွက်ရှိသည်။

       ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးအစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်းကုန်ကျငွေ ၄၀၀၀၀ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ကျပ်၇၅၀၀၀မှ ကျပ်၈၀၀၀၀ဈေးအထိ ‌ရောင်းချလျက်ရှိသည်။ ဒေသထွက်ငါးရံ့ခြောက်များကို နယ်ဘက်များအပြင် မန္တလေး၊ နေပြည်တော် စသည့်ဒေသများအပြင် အခြားဒေသများသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)