![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၃_6.jpg?itok=BqZG87_6)
လူမျိုးဘာသာမရွေး ခရီးသွားရင်း၊ ရုပ်ရှင်ကြည့်ရင်း စားသုံးကြသည့် သားရေစာများအနက် အာလူးကြော်သည်လည်း အပါအဝင်ဖြစ်ပြီး ချစ်စရာ WOW အာလူးကြော်ကို ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှထွက်ရှိသော အကောင်းဆုံးအမျိုးအစားအနက် ရွှေဝါရောင်အာလူးအမျိုးအစားကိုရွေးချယ်ဝယ်ယူ၍ ရေသန့်စင်အောင်ဆေး၍ အခွံခွာကာ အပါးပြားလှီးခြင်း၊ ဇကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်း စသည့် ပုံစံ(၃)မျိုးအား အချိုနှင့်အစပ်ဟူ၍ နှစ်မျိုးကြော်၍ ပါဝင်ပစ္စည်းများအနေဖြင့် စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုသာအသုံးပြုကြောင်းသိရှိရသည်။ ပါးပါးလှီးထားသော အာလူးပြားများအား ရေနှင့်စင်အောင်ဆေးကာ စက်ဖြင့် ရေစင်အောင်စစ်ထုတ်ကာ ကြော်ပြီး ဘူးသွပ်၍ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် အာလူးကြော် (၃၀၀)ဂရမ်တစ်ဘူးလျှင် ကျပ်(၅၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် တစ်ရက်လျှင် လုပ်သား(၁၀)ဦးဖြင့် အာလူး(၃၀)ပိဿာဝင်အိတ် ၃၀ခန့်အား စားသုံးဆီ ၁၀ပိဿာခန့်အသုံးပြု၍ကြော်ရပြီး အာလူး (၃၀) ပိဿာဝင် တစ်အိတ်လျှင် အာလူးကြော် ၇ပိဿာနီးပါးခန့်ထွက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့် အမြတ်ကျန်ကြောင်းသိရှိရသည်။ ချစ်စရာ Wow အာလူးကြော်များအား ပဲခူး၊ ရန်ကုန်၊ ပုသိမ်မြို့များသို့ အဓိကဖြန့်ချိတင်ပို့ရောင်းချလျက်ရှိပြီး ပဲခူးမြို့ ဒေသထွက်ကုန်များအရောင်းစင်တာတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)