Main menu

သနပ္ပင်မြို့နယ်အတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Powered by Drupal

        ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းလုပ်ငန်းများပိုမိုများပြားလာကြောင်းသိရသည်။  မွေးမြူရေးလုပ်ငန်းသည် မွေးမြူရလွယ်ကူသည့်အပြင် သဘာဝအစားအစာများဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊ တီကောင် စသည်တို့ကိုစားသောက်လေ့ရှိသဖြင့် ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည်။ သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းကွင်းများပေါများသောကြောင့် တစ်နိုင်တစ်ပိုင်အကောင်ရေ ၃၀မှ ၅၀မွေးမြူသူများရှိကြပြီး အကောင်ရေ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ စသည်ဖြင့် စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရသည်။ ဥစားဘဲအနေဖြင့် အကောင်ပေါက်စတင်မွေးမြူသည်မှ ၆လကျော်လျှင် စတင်၍ဥဥကာ ဥစားဘဲ၏ ဥနိုင်စွမ်းသက်တမ်းမှာ တစ်နှစ်၊ တစ်နှစ်ခွဲခန့်ရှိကြောင်းသိရှိရသည်။ ဘဲကောင်ရေ ၁၀၀၀မွေးမြူလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် တနေ့လျှင် ၇၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ ဘဲဥချိန်ရောက်လျှင် တနေ့လျှင် ပျှမ်းမျှ ဥစားဘဲ ၇၀%ခန့်မှာ ဥဥနိုင်ကြောင်းသိရပြီး သက်တမ်းကုန်ဘဲများကိုလည်း အသားအဖြစ် ရောင်းချနိုင်ကြောင်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ပထမပတ်မှ ဒုတိယပတ်အတွင်း၌ ဘဲဥတစ်လုံး၏ ယနေ့ခြံထွက်ဈေးမှာ ၃၅၀ကျပ်ရှိပြီး ယခုကဲ့သို့သောမိုးရာသီတွင် သဘာဝအစားအသောက်ပိုမိုများပြားသည့်အတွက်ကြောင့် ဘဲမွေးမြူသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)