Main menu

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိရေး မြေဩဇာစနစ်တကျကြဲပက်ခြင်းကို လက်တွေ့သရုပ်ပြ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ မြေသြဇာကို နှုန်းထားမှန်ကန်စွာ စနစ်တကျကျွေးနိုင်ရေး၊   အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများရရှိစေရေးအတွက် ၂၀၂၄ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နံနက်ပိုင်းတွင် မင်းဂံရိုးကျေးရွာအုပ်စု၊ တောင်သူလယ်သမားကြီး ဦးဗီဂျေး၏ ကွင်းအမှတ် ၂၆၂/ဂ လယ်မြေ၊ ဆင်းသုခမိုးစပါး(၁၀)ဧကစိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ပါသည်။

       အဆိုပါ စုပေါင်းဓာတ်မြေသြဇာကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာစနစ်တကျသုံးစွဲနည်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းများ၊ သဘာဝမြေသြဇာများသုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်း၍ ကုန်ကျစရိတ်သက်သာသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများသိရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားရာ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူလယ်သမားများတက်ရောက်ခဲ့ကြပါသည်။

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်သည် ယခုနှစ်တွင် မိုးစပါး ၁၅၁၀၅၃ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ လျာထားချက်အတိုင်းပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းဖြစ်သော တစ်ဧကလျှင် တင်း၁၀၀ထွက်ရှိပါက စပါးတင်း၁၀၀ခန့်ပိုလျှံနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)