![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၆၇_4.jpg?itok=eswEIvt3)
နှမ်းသီးနှံကို လူအများက နှမ်းဆီကြိတ်၍ စားသုံးကြပြီး နှမ်းသီးနှံတိုင်းကို လိုအပ်သလိုပြုလုပ်၍လည်းစားသုံးကြပါသည်။ နှမ်းသီးနှံကို ဆီကြိတ်၍စားသုံးလျှင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသဖြင့် နှမ်းဆီကိုစားသုံးပေးသင့်ပါသည်။ နှမ်းသီးနှံတစ်တင်းကို ဆီကြိတ်လျှင် ဆီ(၆)ပိဿာခန့်ထွက်ရှိပြီး နှမ်းဖတ်(၅)ပိဿာခန့်ထွက်ရှိသည်ဟု သိရပါသည်။ နှမ်းကိုဆီကြိတ်ရာတွင် နှမ်းနီကို အဓိကထား၍ဆီကြိတ်ကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကိုဆီကြိတ်ကြပါသည်။ နှမ်းနီကိုဆီကြိတ်လျှင် ဆီအထွက်နှုန်းကောင်းပြီး နှမ်းနက်ကိုဆီကြိတ်လျှင် ဆီအထွက်နှုန်းနည်းပြီး ဆီအရောင်မှာ အနည်းငယ်မည်းနိုင်ပါသည်။ နှမ်းနီမှထွက်ရှိသောဆီမှာ စားသုံးရန်သင့်တော်ပြီး နှမ်းနက်မှထွက်ရှိသောဆီမှာ စားသုံးရန်အတွက်လည်းကောင်းပြီး ဆေးဖော်ရာတွင်လည်းအသုံးဝင်ပါသည်။
နှမ်းသီးနှံကိုဆီကြိတ်လျှင် ပထမဦးစွာ နှမ်းများကိုသန့်စင်ပြီး ဆီကြိတ်ရာတွင် ပထမဦးစွာထွက်ရှိသော ဆီအကြည်များကို နှမ်းဦးဆီဟုခေါ်ပြီး နှမ်းဦးဆီထွက်ပြီးသား နှမ်းဖတ်များကို ထပ်မံ၍ဆီကြိတ်လျှင် နှမ်းဆီ(ရိုးရိုး)ကိုရရှိပါသည်။ နှမ်းဦးဆီမှာ ဟင်းများကြော်ရာတွင် အမြှုပ်မထဘဲ ရိုးရိုးနှမ်းဆီမှာ ဟင်းများကြော်ရာတွင် အမြှုပ်ထတတ်ပါသည်။ ထို့ကြောင့် နှမ်းဦးဆီဈေးနှုန်းများမှာ နှမ်းဆီ(ရိုးရိုး)ဈေးနှုန်းထက်စာလျှင် အနည်းငယ်မြင့်တက်ပါသည်။ ယခုအပတ်ဖြစ်သော ဩဂုတ်လ၊ ပထမအပတ်တွင် ပြည်ခရိုင်၊ ပြည်မြို့တွင်ဖြစ်ပေါ်ခဲ့သော နှမ်းဆီဈေးနှုန်းများမှာ နှမ်းဦးဆီတစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ ရိုးရိုးနှမ်းဆီတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးကွက်များနှင့် ဆီဆိုင်များတွင် ရောင်းချလျက်ရှိပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော နှမ်းဆီဈေးနှုန်းများကိုလေ့လာကြည့်မည်ဆိုလျှင် အောက်ဖော်ပြပါဇယားတွင် လေ့လာသိရှိနိုင်ပါသည်-
စဉ် ခုနှစ် ရေတွက်ပုံ အနိမ့်(ကျပ်) အမြင့်(ကျပ်)
၁။ ၂၀၂၀ ပိဿာ ၆၅၀၀ ၈၁၀၀
၂။ ၂၀၂၁ ပိဿာ ၆၅၀၀ ၇၅၀၀
၃။ ၂၀၂၂ ပိဿာ ၇၀၀၀ ၁၂၀၀၀
၄။ ၂၀၂၃ ပိဿာ ၁၂၀၀၀ ၁၃၀၀၀
၅။ ၂၀၂၄ ပိဿာ ၁၇၀၀၀ ၁၇၅၀၀
ဩဂုတ်လ ပထမပတ်ထိ နှမ်းဆီဈေးမှာ ယခုလက်ရှိကာလတွင် အမြင့်ဆုံးသို့ရောက်ရှိလာသည်ကိုတွေ့ရပါသည်။ နှမ်းသီးနှံများမပေါ်ခင်အချိန်ဖြစ်၍ နှမ်းဆီဈေးများမြင့်တက်လာခြင်းဖြစ်ပြီး ဝယ်လိုအားလည်းများလာသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟုသိရပါသည်။ ပြည်မြို့ရှိဆီဈေးကွက်တွင် နှမ်းဆီဈေးမှာ အမြင့်ဆုံးအထိ ရောက်ရှိနေကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)