![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၂၅_0.png?itok=wNY0lzfD)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူပဲဈေးကွက်သို့ နေ့စဉ် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ ဝင်ရောက်အရောင်းအဝယ်ဖြစ်ရာတွင် ပဲတီစိမ်းသေး(ခေါ်)ပဲနောက်သီးနှံများ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)မှစ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲနောက်သီးနှံကို တစ်နှစ်လျှင် မိုး၊ ဆောင်းဟူ၍ နှစ်ရာသီစိုက်ပျိုးကြပြီး ပခုက္ကူခရိုင်အတွင်းရှိ စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းဒေသများနှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော ပဲနှောက်သီးနှံများ အများဆုံးဝင်ရောက်ကြောင်း၊ နေ့စဉ် ပိဿာ(၃၀)ဝင်အိတ်(၃၀၀မှ ၅၀၀ထိ)ဝင်ရောက်ကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဝင်ရောက်မှုများကြောင်း၊ ယခုနှစ်တွင် သီးနှံစိုက်ပျိုးချိန် မိုးရွာသွန်းမှုနည်းခြင်းကြောင့် သီးနှံထွက်ရှိမှုနည်းကြောင်းသိရှိရသည်။
ဈေးနှုန်းအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ပဲတီစိမ်း(ခေါ်)ပဲနှောက်သီးနှံတစ်တင်းလျှင် ကျပ်(၇၆၃၀၀-၇၅၀၀၀)ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်ဩဂုတ်လ(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၃၅၀၀ - ၇၂၅၀၀)ဈေးနှုန်းရှိ၍ တစ်ပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၂၈၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် သီးနှံပေါ်ချိန်တွင် ပဲတီစိမ်းသေးတစ်တင်းလျှင် ကျပ်(၅၅၀၀၀-၅၃၀၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်နှင့် ယခုကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်းသေးတစ်တင်းလျှင် ကျပ်(၂၁၃၀၀)ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် ပဲတီစိမ်းသေး(ပဲနှောက်)အသစ်များကို ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့သို့တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပပို့ကုန်အဖြစ်လည်း တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)