Main menu

အိန္ဒိယ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပဲမျိုးစုံတင်သွင်းမှု လျော့ကျဖွယ်ရှိသည်ဟု ကုန်သည်များပြောဆို

Powered by Drupal

   အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုအခြေအနေ ကောင်းမွန်ခြင်းက ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု မြင့်မားပြီး လက်လီဈေးနှုန်းများ နိမ့်ကျမှု ဖြစ်စေနိုင်သဖြင့် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၄၇ ဒသမ ၃၈ သိန်းမှ လျော့ကျလျက် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၄၀ မှ ၄၅ သိန်းအတွင်းသာ တင်သွင်းရဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari က ဩဂုတ်လ ၉ ရက်နေ့၌ ပြောကြားခဲ့သည်။

    မူဝါဒများအား မကြာခဏပြောင်းလဲခြင်းသည် ပဲမျိုးစုံလုပ်ငန်းကဏ္ဍ၌ ပါဝင်လုပ်ကိုင်နေသူအားလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသဖြင့် အစိုးရအနေဖြင့် ရူပီးငွေ ကုဋေ ၂ ဒသမ ၅ သိန်း ရှိသော ပဲမျိုးစုံဈေးကွက်အတွက် ကာလရှည် မူဝါဒတစ်ရပ်ကို မူဘောင်ချမှတ်သင့်ကြောင်း IPGA ကုန်သည်အသင်းက တောင်းဆိုထားသည်။

     ယခင်ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတင်သွင်းမှု မြင့်မားခဲ့ခြင်း၊ ၂၀၂၄-၂၅ သီးနှံရာသီကာလ၌ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ဖွယ်ရှိခြင်းတို့ကြောင့် ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုမှာ တန်ချိန် သိန်း ၄၀ မှ ၄၅ အတွင်းရှိမည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း၊ အိန္ဒိယ၏ ပဲနီလေးတင်သွင်းရန် လိုအပ်ချက်မှာ တန်ချိန် ၁၀ သိန်းခန့်သာရှိသော်လည်း ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၆ သိန်းအထိ တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်၌ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် စားတော်တင်သွင်းမှုသည်လည်း ကျဆင်းဖွယ်ရှိကြောင်း၊ ယခုနှစ် မုတ်သုံရာသီ၌ မိုးရွာသွန်းမှု ကောင်းမွန်မှုရှိရာ မိုးသီးနှံပဲမျိုးစုံ စိုက် ဧကများ တိုးတက်လာခဲ့ပြီး အထွက်ပမာဏသည်လည်း တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း ဖြင့် နယူးဒေလီမြို့တွင် ကျင်းပသည့် အိန္ဒိယပဲမျိုးစုံဆိုင်ရာ ဆွေးနွေးပွဲ ၂၀၂၄ (Bharat Dalhan Seminar 2024) ၌ Mr. Kothari က ပြောဆိုခဲ့သည်။

    လက်ကားဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများသည် လွန်ခဲ့သောတစ်လခန့်မှစ၍ ကျဆင်း လာခဲ့ပြီး ဆက်လက်၍လည်း ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း၊ တစ်လတာအတွင်း ပဲစင်းငုံ လက်ကားဈေးနှုန်းသည် တစ်ကီလိုဂရမ်ပေါ်တွင် ရူပီးငွေ ၂၀ ခန့် လျော့ကျခဲ့ကြောင်း၊ ယခုနှစ်၌ ပဲမျိုးစုံ ဈေးနှုန်းများ မြင့်တက်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် နှစ်စဉ် တင်သွင်းမှုပမာဏအပေါ် ၉၀ ရာခိုင်နှုန်း မြင့်တက်လျက် ၂၀၂၃-၂၄ ခုနှစ်၌ ပဲမျိုးစုံတန်ချိန် ၄၇ ဒသမ ၃၈ သိန်းအထိ တင်သွင်းခဲ့ရခြင်းဖြစ်သည်ဟု အစိုးရက လွှတ်တော်သို့ ယခင်လ၌ တင်ပြခဲ့ သည်။

    ဘဏ္ဍာနှစ်အလိုက် အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ ၂၀၂၀-၂၁ ခုနှစ်တွင် တန်ချိန် ၂၄ ဒသမ ၆၆ သိန်း၊ ၂၀၂၁-၂၂ ခုနှစ်၌ တန်ချိန် ၂၆ ဒသမ ၉၉ သိန်းနှင့် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၂၄ ဒသမ ၉၆ သိန်း အသီးသီးရှိခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ဧပြီလနှင့် မေလအတွင်း ပဲမျိုးစုံ တန်ချိန် ၁၁ ဒသမ ၃၂ သိန်းကို တင်သွင်းထားပြီးဖြစ်သည်။

    အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်လျက်ရှိပြီး ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန် ၁၆၃ ဒသမ ၂၃ သိန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်၌ တန်ချိန် ၂၄၄ ဒသမ ၉၃ သိန်းသို့ မြင့်တက်ခဲ့ ကြောင်း အစိုးရ၏ တတိယအကြိမ်ခန့်မှန်းချက် ထုတ်ပြန်မှုအရ သိရှိရသည်။

Source: Economic Times, 9 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)