ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရေးနှင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု နောက်ဆုံးအခြေအနေများကို ပုံမှန်သတိပြုဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။
စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ပြောကြားချက်အရ မလေးရှားနိုင်ငံနှင့် အခြားသော ပင်ရင်းနိုင်ငံများစွာမှ ဝင်ရောက်လာသော ကော်ဖီထုတ်ကုန်များတွင် Sibutramine တားမြစ်ပစ္စည်းပါဝင်သည်ကို တွေ့ရှိခဲ့ရသည်ဟု စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) က မကြာသေးမီက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပြင်းထန်သည့် နှလုံးနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေသည့် ဘေးအန္တရာယ်မြင့်မားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် Sibutramine ကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ တားမြစ်ပိတ်ပင်ထားပြီး ၎င်းပစ္စည်းပါဝင်သော ထုတ်ကုန်များအား ဝယ်ယူခြင်း သို့မဟုတ် သုံးစွဲခြင်းမပြုရန် SFA က အကြံပြုထားသည်။ ခန္ဓာကိုယ် အလေးချိန် လျှော့ချနိုင်သည့် အဆိုပါ Sibutramine ကို ဆရာဝန်၏ ညွှန်ကြားချက်ရရှိမှသာ ဆေးဘက်ဆိုင်ရာ အနီးကပ် စောင့်ကြည့်ကြပ်မတ်မှုအောက်တွင် သုံးစွဲနိုင်ကြောင်း သိရှိရသည်။
စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Cao Xuan Thang က စင်ကာပူ၏ အစားအစာ သန့်ရှင်းမှုနှင့် ဘေးကင်းလုံခြုံမှုအတွက် လိုအပ်သည့်စံနှုန်းများမှာ မြင့်မားကြောင်း၊ စင်ကာပူဈေးကွက်သို့ တိုးချဲ့တင်ပို့လိုပါက ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် ၎င်းစံနှုန်းသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ဆုံးထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို မပြတ်သတိပြုရန်လိုကြောင်း၊ ကုမ္ပဏီများသည် စင်ကာပူသို့ တင်ပို့သည့် ထုတ်ကုန်များ အတွက် စင်ကာပူ စားသောက်ကုန်စည်းမျဉ်းများကို အကိုးအကားပြုလျက် အစားအစာ ဖြည့်စွက်ပစ္စည်းများကို ခွင့်ပြုထားသည့်ပစ္စည်းနှင့် တားမြစ်ထားသောပစ္စည်းဟူ၍ စာရင်းများ ပြုစုလုပ်ကိုင် သင့်ကြောင်း၊ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ခိုင်မာသေချာစေရန်အတွက်လည်း ကိုယ်တိုင် စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ် အထွေထွေအကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမ နှစ်ဝက် ကာလအတွင်း ဗီယက်နမ်မှ စင်ကာပူသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ရှိပြီး ယခင်နှစ်ကာလတူထက် ၂၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရသည်။
Source: Vietnam Plus, 14 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)