မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ယင်းဆိပ်၊ တမို့၊ အုန်းတွဲကျေးရွာတို့၌ နှမ်းနှင့် ပဲမျိုးစုံစသည့်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းသီးနှံလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။
ဖူးစားပြောင်းကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်) ကျပ်(၁၆၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပြောင်းဖူး (၉၀၀၀)ကျော်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ပြောင်းဖူး(၁၀)ဖူးလျှင် လက္ကားဈေး ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ယင်းဆိပ်ကျေးရွာနေ ဈေးသည်များမှလည်း စိုက်ခင်းသို့ကိုယ်တိုင်လာရောက် ဝယ်ယူပြီး ယင်းဆိပ်ကျေးရွာ မကွေး-တောင်တွင်းကြီးကားလမ်းမဘေး၌ တဆင့်ပြန်လည်ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၁၅၀၀၀၀၀)ကျော်ရရှိ၍ အဆင်ပြေကြောင်း ဖူးစားပြောင်းစိုက်ပျိုးသည့်တောင်သူထံမှ သိရသည်။
DOCA(မကွေး)