![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၅၈_4.jpg?itok=kw4VfOpC)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာ ကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။
ကင်ပွန်းချဉ်ရွက်ကို စားသုံးကြပြီး အသီးနှင့်အခေါက်ကိုမူ သဘာဝခေါင်းလျှော်ရည်အဖြစ်ပြုလုပ်၍ အသုံးပြုကြကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် ချဉ်သောအရသာရှိပြီး ခံတွင်းရှင်းစေသော ဟင်းလျာတစ်မျိုးဖြစ်သည့်အတွက် ကင်ပွန်းချဉ်ရွက်များကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ငါး၊ ပုစွန်ဆိတ်တို့နှင့်ရောချက်၍လည်းကောင်း ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုတ်စားသုံးကြသည်။ ကင်ပွန်းချဉ်ရွက်သည် စားကောင်းရုံမျှမက ကျန်မာရေးကိုလည်းအထောက်အကူပြုပေးနိုင်ကြောင်း၊ ကင်ပွန်းချဉ်ရွက်ကိုစားသုံးခြင်းဖြင့် သွေးတိုးကျစေနိုင်ခြင်း၊ အနာကျက်စေနိုင်ခြင်း၊ ဆီးချိုကျစေနိုင်ခြင်း၊ ကိုယ်တွင်းမှ အဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်းရရှိစေပါသည်။
ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကင်ပွန်းချဉ်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ရောင်းချရာ (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)