မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားအဖြစ် အဓိကထားစိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် စတင်စိုက်ပျိုးပြီး ခရမ်းချဉ်စိုက်တောင်သူ (၆)ဦးခန့်မှ စိုက်ဧက(၃)ဧကကျော် စိုက်ပျိုးထားကြောင်း သိရသည်။
ခရမ်းချဉ်စိုက်ပျိုးရာတွင် တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုးခြင်း ဖြစ်ပါကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးစေ့တစ်ထုပ်လျှင် ကျပ်(၂၇၀၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူရပြီး တစ်ဧကလျှင် မျိုး(၆)ထုပ်ခန့်ကုန်ကြကြောင်း၊ စိုက်ပျိုးပြီး(၂)လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုနှင့်လုပ်သားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅)သိန်းရှိကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ခရမ်းချဉ်သီး ပိဿာချိန် (၄၂၅၀)ပိဿာခန့်ထွက်ရှိခဲ့ပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၆၀)သိန်းခန့်ရရှိခဲ့ပြီး ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်အတိုင်း အထွက်နှုန်း ကောင်းမွန်ပါက ထိုက်သင့်သည့် အကျိုးအမြတ်များရရှိနိုင်ကြောင်း ထိုင်ဝမ်ခရမ်းချဉ်သီး စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(မကွေး)