ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ညောင်တုန်းမြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နယ်မြေစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၁၅-၈-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး မိုးတွင်းကာလ မိုးများရွာသွန်းသဖြင့် ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ စက်သုံးဆီများကို သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများမရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်သည်ကို ဆီဆိုင်ရောင်းချသူလုပ်ငန်းရှင်များသိရှိနိုင်ရန်နှင့် အပတ်စဉ် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)