Main menu

RCEP နှင့် ကမ္ဘောဒီးယား၏ကုန်သွယ်မှုသည် ကန်‌ဒေါ်လာ ၂၀ဘီလီယံထိရှိလာ

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်လတွင် ထူးထူးခြားခြားကန်ဒေါ်လာ ၁၉.၈၇ဘီလီယံအထိရောက်ရှိခဲ့ပြီး ၁၆.၈ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

     နိုင်ငံတော်၏ RCEP ကုန်သွယ်မှုသည် ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၉ရာခိုင်နှုန်းဖြစ်သည်။

         ယခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လအထိ ကမ္ဘောဒီးယားနိုင်ငံသည် RCEP သို့ ကုန်စည်‌ ဒေါ်လာ ၅.၁၉ဘီလီယံဖိုးတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၂၈ရာခိုင်နှုန်းတိုးမြင့်လာကာ RCEP နိုင်ငံများမှ သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၄.၆၇ဘီလီယံရှိပြီး ၁၈ရာခိုင်နှုန်းတိုးလာခဲ့သည်။

     RCEP အစုအဖွဲ့သည် ကမ္ဘောဒီးယားအတွက်အရေးပါသော ကုန်သွယ်ဖက်ဖြစ်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။

     ကုန်သွယ်အစုအဖွဲ့သည် ကမ္ဘောဒီးယားစီပွားရေးတိုးတက်မှုနောက်ကွယ်မှ တွန်းအားတစ်ခုဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ကာ စီးပွားရေးအခွင့်အလမ်းသစ်များဖန်တီးပေးခဲ့ကြောင်း ၎င်းကဆိုသည်။

        RCEP သို့တိုးလာခြင်းသည် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဝယ်လိုအား၏အရေးပါမှုကို ကိုယ်စားပြုပြီး အပြုသဘောဆောင်သော အရှိန်အဟုန်များဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊  ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာဝပြောရေးကို အထောက်အကူဖြစ်စေနိုင်မည်ဟုလည်း ယုံကြည်ထားကြောင်း Sovicheat  က Khmer Time သို့ပြောကြားခဲ့သည်။

     ကုန်သွယ်ရေးသဘောတူစာချုပ်သည် ပို့ကုန်အတွက် ကုန်များထုတ်လုပ်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအသစ်များဆွဲဆောင်ရာတွင်လည်း အထောက်အကူဖြစ်စေသည်ဟု ၎င်းကဆိုသည်။

      ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်အသက်ဝင်ခဲ့သော လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (RCEP) တွင် ပစိဖိတ်ဒေသတွင်းနိုင်ငံပေါင်း (၁၅)နိုင်ငံပါဝင်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊  အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်ဟူ၍ အာဆီယံနိုင်ငံ(၁၀)နိုင်ငံနှင့် ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ သြစတြေးလျနှင့် နယူးဇီလန်ဟူ၍ ကုန်သွယ်ဖက် ငါးနိုင်ငံတို့ပါဝင်ပါသည်။

       ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုအစုအဖွဲ့အနေဖြင့် RCEP ဒေသသည် စုစုပေါင်း GDP ဒေါ်လာ ၂၆.၂ထရီလီယံရှိပြီး ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၃၀ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု ၂၈ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု ၃၂.၅ရာခိုင်နှုန်းတို့ကို ကိုယ်စားပြုထားသည်။

Source: Khmer times

DOCA(ရန်ကုန်)