
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း၌ ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်နှစ်ပတ်လုံးဝင်ငွေများရရှိနေကြောင်းသိရပါသည်။ ကွမ်းရွက်ကို ပေါင်းတည်မြို့နယ်အတွင်းရှိ ဖားယားကြီးကျေးရွာ၊ ကျွဲတဲကြီးကျေးရွာ၊ ရှားစေးဘိုကျေးရွာ၊ လက်ပံပါးပျဉ်းကျေးရွာ၊ မဲခေါင်းကျေးရွာ၊ ကျွန်းတောလှကျေးရွာ၊ ဝက်မြေလူးကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ဧကရာဇ်ကုန်းကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း စီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။
ယခု၂၀၂၄ခုနှစ်၊ မိုးရာသီ ကွမ်းညွန့်စိုက်ပျိုးချိန်တွင် ကွမ်းညွန့်တစ်ညွန့်လျှင် (၃၀၀ကျပ်မှ ၅၀၀ကျပ်)နှုန်းပေါက်ဈေးရှိပြီး ဩဂုတ်လတတိယပတ်၏ ကွမ်းရွက်ဈေးနှုန်းများမှာ ခြံပေါက်ဈေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းရှိကြောင်းသိရပါသည်။ ယခင်ဇူလိုင်လတတိယပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်အထိကျဆင်းခဲ့သော ကွမ်းရွက်ဈေးနှုန်းများမှာ ရာသီဥတုဖောက်ပြန်မှု ကြောင့် အပျက်အစီးများရှိသဖြင့် ဈေးနှုန်းပြန်လည်တက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ကွမ်းရွက်ပင်စိုက်ပျိုးရာတွင် ကွမ်းညွန့်ကိုစိုက်ပျိုးရပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင် မိမိတို့စိတ်ကြိုက် ခြံများမှကွမ်းညွန့်များကို ဝယ်ယူစိုက်ပျိုးလေ့ရှိကြောင်းသိရပါသည်။ မိုးရာသီတွင် စိုက်ပျိုးပါက ရှင်သန်ကြီးထွားမှုမြန်ပြီး ရောဂါကျရောက်မှုများကြောင်း ဆောင်းရာသီ၌ စိုက်ပျိုးမှသာ ရှင်သန်ကြီးထွားမှုအသင့်အတင့်ရှိပြီး ရောဂါကျရောက်မှုနဲပါးကြောင်းသိရပါသည်။ ကွမ်းညွန့်ကို စိုက်ပျိုးမည်ဆိုပါက တစ်ပေခွဲခန့်ရှိသော ကွမ်းညွန့်အောက်ခြေမှ အရွက်နှစ်ရွက်ခန့်ကိုဖြုတ်၍ အဆစ်နှစ်ဆစ်မြုပ်ပြီး အလျားလိုက်မြေမြှုပ်ကာ စိုက်ပျိုးပေးရပါသည်။ ထို့နောက် ဝါးခြမ်းပြားတိုင် (သို့မဟုတ်) မျှင်ဝါးတိုင်တွင်ကပ်၍ သင်အူ(သို့မဟုတ်)လျှော်ကြိုးဖြင့်ချည်ပေးရပါသည်။ စိုက်ပျိုးပြီး (၄-၅)လကြာပါက ကွမ်းရွက်များ စတင်ခူးဆွတ်နိုင်ကြောင်းသိရှိရပြီး ကွမ်းစိုက်တောင်သူများ တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိနေကြောင်းသိရပါသည်။
DOCA(ပဲခူး)