Main menu

ကမ္ဘောဒီယားနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး သီဟိုဠ်စေ့အစိမ်း ထုတ်လုပ်သူဖြစ်လာ

Powered by Drupal

      ကမ္ဘောဒီယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် သီဟိုဠ်စေ့အစိမ်း တန်ချိန်ပေါင်း ၈၃၀၀၀၀ ထုတ်လုပ်မှုနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံးသီဟိုဠ်စေ့အစိမ်း ထုတ်လုပ်သူ ဖြစ်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း (CAC)၏ အစီရင်ခံစာအရ သိရပါသည်။ CAC က ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုသည် သိသာစွာမြင့်တက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၀၉၂ ဘီလီယံတန်ဖိုးရှိသည့် သီဟိုဠ်စေ့ တန်ချိန် ၇၈၀၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် တင်ပို့မှုပမာဏအားဖြင့် ၃၆.၇ % မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂၈.၁ % မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ CAC၏ ဥက္ကဌဖြစ်သူ Uon Silot က ယခုလိုမြင့်တက်လာမှုသည် မတော်တဆမဟုတ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် CAC သည် မေလမှစ၍ သီဟိုဠ်စိုက်ခင်းများကို အယ်နီနိုရာသီဥတုဖြစ်စဉ်နှင့် ချိန်ညှိမှုကြောင့် သိသာစွာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စိုက်ပျိုးသည့်ဧရိယာသည်လည်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် CACသည် ကမ္ဘောဒီးယားနိုင်ငံ၊ အယ်နီနိုဥတု၏ သက်ရောက်မှုခံရနိုင်ကြောင်း ကြေညာခဲ့ပါသည်။ အသင်းအနေဖြင့် CAC အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးသမားများကို ကောင်းမွန်သော ကောက်ရိတ်သိမ်းမှုကို ထိန်းထားနိုင်ရေးအတွက် ပြင်ဆင်နိုင်ရန် လမ်းညွှန်ချက်အချို့ ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်စေ့အစိမ်း ထုတ်လုပ်သူသည် အိုင်ဗရီကိုစ့်နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားသည် အိန္ဒိယနိုင်ငံကို ကျော်ဖြတ်ကာ ဒုတိယအကြီးဆုံးဖြစ်လာခဲ့ကြောင်း သိရပါသည်။ အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုများကြောင့် တတိယနေရာသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Silot က သတင်းအချက်အလက်သည် ပြည်ပရင်းနှီး မြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ CAC ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် အလိုရှိနေပြီး သို့မှသာ ကမ္ဘောဒီးယားနိုင်ငံ၏ “ သီဟိုဠ်စေ့မူဝါဒ ၂၀၂၂-၂၀၂၇” သည် ပိုမိုကြီးမာသော အောင်မြင်မှုရလဒ်ကိုရရှိမည်ဟု သိရပါသည်။ Silot က ၎င်းသည် CACနှင့် အခြားအဖွဲ့များ အမြဲအိပ်မက်မက်နေသော အရာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စက်ရုံများများရှိလေ အလုပ်အကိုင်ခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ လျှော့ချနိုင်ခြင်းနှင့် စိုက်ပျိုးရေးသမားများအတွက် ထပ်ပေါင်းတန်ဖိုးထုတ်ကုန်များရရှိရန် ပံ့ပိုးနိုင်မည်ဖြစ်ကာ သင့်တင့်သော ဈေးနှုန်းရရှိရန် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့လုပ်ငန်းနယ်ပယ်သည် နိုင်ငံတော်၏ သီဟိုဠ်စေ့မူဝါဒ ၂၀၂၂-၂၀၂၇ ကို အကောင်အထည်ဖော်နိုင်ရန် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထပ်တိုးရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၃၂၉သန်း ခန့် လိုအပ်နေကြောင်း သိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)