Main menu

ရွှေတောင်မြို့၏ ပဲစောင်းလျားသီးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂိုန်ကျေးရွာရှိ တောင်သူ ဦးစိုးမြင့်လေး၏ ပဲစောင်းလျားသီးစိုက်ခင်းသို့ (၂၂-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးထားသော ပဲစောင်းလျားသီးမျိုးမှာ ကင်းခြေများမျိုးဖြစ်ပြီး  တန်ခူးလတွင် ရေလောင်းစိုက်ပျိုးပြီး (၄)လကြာဖြစ်သော ဝါဆိုလတွင် စတင်ခူးဆွတ်ရပါသည်။ ပဲစောင်းလျားသီးစိုက်ပြီး ဧကမှာ တစ်‌ယောက်စိုက်(တစ်ဧက၏လေးပုံတစ်ပုံ)ကျော်ရှိပြီး အပင်အရေအတွက်မှာ (၁၀၀၀) ကျော်ရှိပါသည်။ ပဲစောင်းလျားသီးတစ်ယောက်စိုက်(တစ်ဧက၏ လေးပုံတစ်ပုံ)ကို စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ပဲစောင်းလျားသီးထွက်ပေါ်ချိန်တွင်  (၂)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အသီးလှိုင်လှိုင်ပေါချိန်တွင် အတောင့်(၃၀၀၀)ခန့်ခူးဆွတ်ရ၍ အသီးတုန်းချိန်တွင် အတောင့်(၈၀၀)ခန့်သာခူးဆွတ်ရရှိပါသည်။ ပဲစောင်းလျားသီးကို ခူးဆွတ်ချိန် (၅)လခန့်ခူးဆွတ်ရပြီး အသီးတုန်းချိန်တွင် ပဲမြစ်ကို တူးဖော်ရောင်းချရပါသည်။ ဈေးနှုန်းများအနေဖြင့် လက်ကားဈေးအနေဖြင့် ပဲစောင်းလျားသီး (၁)တောင့်လျှင် (၂၀)ကျပ်နှုန်းဖြင့် ပွဲစားများက လာ‌ရောက်ကောက်ယူပြီး ဈေးကွက်အတွင်း လက်လီဈေးနှုန်းအနေဖြင့် (၁၀)တောင့်ပါတစ်စည်းလျှင် (၃၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ စိုက်ခင်းမှ တိုက်ရိုက်ဝယ်ယူသော ကုန်သည်များသည်လည်း ရန်ကုန်မြို့နှင့် အနီးနားရှိနယ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် လက်ကားဈေးအနေဖြင့် (၁)တောင့်ကို (၁၀)ကျပ်နှုန်းဖြင့်ရောင်းချ၍ လက်လီဈေးအနေဖြင့် (၁၀)တောင့်ပါတစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ တောင်သူများ၏ အကျိုးအမြတ်အနေဖြင့် ပဲစောင်းလျားသီးထွက်ပေါ်ချိန်မှ အသီးမတုန်းခင်အချိန်အထိ ရရှိငွေမှာ ပျမ်းမျှ (၅၀၀၀၀၀)ကျပ်ကျော်ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)