
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ ဦးခင်ဇော်၏ အာဆီယံသပြေပင်စိုက်ခင်းသို့ ဈေးနှုန်းဈေးကွက်အခြေအနေများသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၃-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ရာ အာဆီယံသပြေပန်းပျိုးပင်ကို မန္တလေးမှ တစ်ပင်လျှင် (၂၅၀) ကျပ်ဖြင့် အပင်ရေ (၅၀၀)ခန့်ဝယ်ယူ၍ စိုက်ပျိုးထားကြောင်းသိရှိရပြီး ယခုဆိုလျှင် (၃)နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း၊ စတင်စိုက်ပျိုးပြီး (၆)လအကြာတွင် အခက်များခူး၍ စတင်ရောင်းချနိုင်ပါသည်။ ခူးပြီး အညွန့်ထွက်သည်အထိ (၁)လခန့်စောင့်ဆိုင်းရပြီး တစ်စည်းတွင် (၃)ခက် (သို့) (၄)ခက်ပါရှိပြီး တစ်စည်းလျှင် (၇၀)ကျပ်ဖြင့် လက်ကားပေးရသည်။ တစ်ခါခူးလျှင် အစည်း(၄၀၀)ကျော်ရရှိပြီး (၃)ရက်တစ်ခါ (၄)ရက်တစ်ခါ အညွှန့်ထွက်သည့်အပေါ်မူတည်၍ ခူးရပါသည်။ ရောင်းချသောဈေးကွက်အနေဖြင့် ကြို့ပင်ကောက်၊ နတ္တလင်း၊ ပြည်၊ ဥသျှစ်ပင်သို့တင်ပို့ရောင်းချကြောင်း၊ ကုန်ကျစရိတ်မှာ မျိုးဖိုးနှင့် (၁၀)ရက်တစ်ခါဖြန်းသည့် ဆေးဖိုး (၅၀၀၀)ကျပ်သာကုန်ကျကြောင်း၊ ရေလောင်းလျှင် လျှပ်စစ်မီးဖြင့်ရေတင်ကာ ပိုက်ဖြင့်လောင်းရပါသည်။ တစ်လလျှင် ခန့်မှန်းခြေ (၃၀၀၀၀၀)ကျော်ဝင်ငွေရရှိပြီး ကုန်ကျစရိတ်သက်သာသော နှစ်ရှည်ပင်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)