Main menu

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှုတွင် ၁၀% တိုးတက်လာမည်ဟု ဝန်ကြီးဌာနမှ ရှုမြင်

Powered by Drupal

      ကမ္ဘာ့ဈေးကွက်ဝယ်လိုအား တိုးမြှင့်လာမှု၊ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာမှု၊ ဈေးကွက်အသစ်များသို့ ချဲ့ထွင်လာမှုတို့ကြောင့် ယခုနှစ်အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှု ၁၀%တိုးလာမည်ဟု ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မျှော်မှန်းထားသည်။

    အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ဌာနမှ ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereyoengrit က ကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးကို မောင်းနှင်ရာတွင် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးနေသော်လည်း ၂၀၂၃ ခုနှစ်တွင် ဤထုတ်ကုန်ကဏ္ဍမှ တင်ပို့မှုသည် ၉.၆၁% တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံကျော်အထိ တိုးလာခဲ့သည်။

    ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ထိပ်တန်းတင်ပို့သည့် ပို့ကုန်အမျိုးအစား (၁၀)မျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်ရှိပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၄၈% တိုးမြှင့်လာခဲ့သည်။ ဆက်စပ်ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင် ရေးဌာန (DITP)နှင့် ထိုင်းနိုင်ငံကျောက်မျက်ရတနာသိပ္ပံ (GIT) တို့သည် လာမည့်လတွင် ကျင်းပမည့် နှစ် ၇၀ မြောက်ဘန်ကောက် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာပြပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ကြေညာခဲ့သည်။ ထိုကျောက်မျက်ရတနာပြပွဲသည် အာရှတွင် သက်တမ်းအရင့်ဆုံး၊ ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ကျောက်မျက်ရတနာ အရောင်းပြပွဲဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းစာရင်းတွင် ပါဝင်သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းမှ ဝယ်ယူသူများကို စေ့စပ်ညှိနှိုင်းရန်နှင့် လုပ်ငန်းချိတ်ဆက်မှုများ ပြုလုပ်ရန်အတွက် အရေးပါသော ပွဲတစ်ပွဲဖြစ်သည်ဟု Mr.Phusit က ပြောကြားခဲ့သည်။

     ထိုအကြိမ် ၇၀ မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသူများထံမှ ပိုမိုကောင်းမွန်သော တုံ့ပြန်မှုများ ရရှိနိုင်ပြီး ကုန်သွယ်မှုတန်ဖိုးအနည်းဆုံး ဘတ် ၃.၅ ဘီလီယံ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။ GIT ၏ ညွှန်ကြားရေးမှူးချုပ် Sunsned Prasangpangchai ကလည်း ကမ္ဘာ့စီးပွားရေးသည် ၂.၆% ဖြင့် ဝယ်လိုအား ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းပြီးနောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှုသည် ဆက်လက် တိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများနှင့် ကုန်သွယ်မှုအကာအကွယ်ပေးရေး အစီအစဉ်များသည် ကမ္ဘာ့ဈေးကွက်သို့ ထိုင်းပို့ကုန်များ တင်ပို့မှုကို ထိခိုက်စေနိုင်သောကြောင့် စောင့်ကြည့်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Source : Bangkokpost

DOCA(ရန်ကုန်)