Main menu

ကုန်သွယ်မှုများတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

Powered by Drupal

       မြန်မာနိုင်ငံဟာဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက်  ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ပို့ကုန်သွင်းကုန် ကဏ္ဍဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ ပို့ကုန်သွင်းကုန်လို့ ဆိုရာမှာလည်း သွင်းကုန်ထက် ပို့ကုန်က ပိုမိုအရေးပါတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပို့ကုန်ပမာဏ တစ်နေ့ထက်တစ်နေ့ များပြားလာပြီး တစ်နေ့ထက်တစ်နေ့ လွယ်ကူလျင်မြန်ချောမွေ့မှသာ နိုင်ငံရဲ့စီးပွားရေး ယခုထက်ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ပို့ကုန် သုံးဆ တိုးတက်တင်ပို့နိုင်ရေးအတွက်ကိုလည်း စီးပွားရေးဦးတည်ချက်တွေ ချမှတ်ပြီး လုပ်ဆောင် နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံအသီးသီးနဲ့ ကုန်သွယ်မှုပြုရာမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ ကုန်သွယ်မှုပြုနေတာဖြစ်ပါတယ်။ပို့ကုန်ရော သွင်းကုန်ပါများပြားလာပြီး ကုန်သွယ်မှု ပိုမိုတိုးတက်လာတာနဲ့အမျှ ကုန်းတွင်းဆိပ်ကမ်းနဲ့ ရေပြင်ဆိပ်ကမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ပိုမို အရေးပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိမြေပြင် အခြေအနေမှာတော့ ပို့ကုန်ထက် သွင်းကုန်ပမာဏက ပိုမိုများပြားနေတာကို တွေ့ ရမှာဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်ပမာဏ ပိုမိုများပြားလာတာနဲ့အမျှ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေ စုပုံရောက်ရှိနေပြီး ဆိပ်ကမ်းမှာကျပ်တည်းမှုတွေ ဖြစ်ပေါ်ခဲ့ရပါ တယ်။

    ပြည်ပကုန်သွယ်မှုမှာအဓိကစိန်ခေါ်မှု ဖြစ်နေတဲ့Transportation နဲ့Logistics Facilities  လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့အညီ ဆိပ်ကမ်းပေါင်းခြောက်ခုနဲ့ ပင်လယ်ရေကြောင်းမှ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ၊ပင်လယ်ရေကြောင်းမှ တင်ပို့မယ့် ကုန်ပစ္စည်းတွေ  အတင်အချ ပြုလုပ် လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပင်လယ် ရေကြောင်း ကနေ ကုန်သွယ်မှုဟာ တစ်နေ့တခြားတိုးတက်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
      ဈေးကွက်ဆိုတာဟာ ရောင်းလိုအားနဲ့ဝယ်လိုအားပေါ်မှာ တည်မှီနေတာကို အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပို့ကုန်ကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် ကုန်တင်ယာဉ်တွေ သွားလာခွင့်ပြုရာမှာလည်း ပို့ကုန်ကုန်တင်ယာဉ်တွေကို ဦးစားပေးပြီးသွားလာစေဖို့ ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုလွယ်ကူချောမွေ့ အဆင်ပြေမှာသာလျှင် နိုင်ငံတော်ရဲ့ ပို့ကုန်ရငွေတွေ အများအပြားဝင်ရောက်လာပြီး နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။
       ကုန်တင်ယာဉ်သွားလာမှုကို ကန့်သတ်ခွင့်ပြုရာမှာ သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်မှု ပိုငွေပြနေမှသာ နိုင်ငံ တော်ရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကုန်တင်ယာဉ် သွားလာခွင့်တွေကို ကန့်သတ်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာ နတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊ ကွန်တင်နာတင်မော်တော်ယာဉ်  ပိုင်ရှင်တွေ၊ ကုန်တင်ယာဉ်ပိုင်ရှင်တွေ၊ ဆိပ်ကမ်းပိုင်ရှင်တွေ၊ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်တွေစတဲ့ လုပ်ငန်းရှင်အသီးသီးနဲ့ အကျေအလည် ဆွေးနွေးပြီးမှ ကန့်သတ်သင့်ပါတယ်။

     မြန်မာနိုင်ငံရဲ့နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းမှာ အဓိကအသက်သွေးကြောဖြစ်တဲ့ ရန်ကုန်မြစ်ဟာ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်သွားလာပြီး ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာဟာ နှစ်ပရိစ္ဆေဒကြာမြင့်နေပြီဖြစ်ပါတယ်။ နှစ်ပရိစ္ဆေဒကြာမြင့်လာတဲ့အတွက် ရန်ကုန်မြစ်အတွင်းမှာ နုန်းတွေ အနည်ထိုင်လာပြီး မြစ်ကျဉ်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ သက်ဆိုင်ရာဌာနများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ၊ကုန်သေတ္တာတင်ယာဉ်ပိုင်ရှင်များ၊ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ အေဂျင်စီ များစတဲ့ Logistic  ကဏ္ဍမှာ ဆက်နွယ်ပတ်သက်နေသူတွေ အားလုံးဝိုင်းဝန်းပူးပေါင်းပြီးဖြေရှင်းကြရမှာဖြစ်ပြီး ကုန်သေတ္တာတင်ယာဉ်တွေပိုမို တိုးတက်များပြားလာဖို့အတွက် ကားတွေ တင်သွင်းမယ့်အစား Used Assemble  လုပ်တာမျိုးကို ခွင့်ပြုပေးဖို့ လိုပါတယ်။

       ကုန်တင်သင်္ဘောကြီးတွေဆိုက်ကပ်နိုင်ဖို့အတွက် ပင်လယ်ဆိပ်ကမ်းတစ်လျှောက် ပင်လယ်ပြင် ဧရိယာတွေမှာGeneral Cargo Terminal  အသစ်တွေ တိုးချဲ့ ဆောက်လုပ်သွားဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ဝန်ကြီးဌာန ချင်းပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်မှုမှာ အားနည်းလျက်ရှိတာကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်။

       နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရေးပါတဲ့အချက် တစ်ချက်အနေနဲ့ ပါဝင်နေတာကို သတိပြုရပါမယ်။ ယခုဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ကုန်သေတ္တာတင်ယာဉ်ကိစ္စ၊ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေ ကျပ်တည်းနေတဲ့ကိစ္စ၊ ဆိပ်ကမ်း မလုံလောက်မှုအရေးကိစ္စတွေဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်သလို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်စတဲ့ဌာနတွေသာမကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စတဲ့ သက်ဆိုင်ရာဌာန အသီးသီးတို့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ကြမယ်ဆိုရင် ပိုမိုထိရောက်သွားမှာဖြစ်ပါတယ်။

    ကုန်သွယ်မှုကိစ္စသာမက အခြားသောကိစ္စများကို စတင်ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနများအနေနဲ့ လိုအပ်တဲ့ကိန်းဂဏန်း အချက်အလက်ပြုစုခြင်းနဲ့ သုတေသနပြုမှုတွေကို လုပ်ဆောင်ရာမှာ အသုံးစရိတ်ချွေတာ သုံးစွဲလေ့ရှိကြပါတယ်။ လုပ်ငန်း တစ်ခု စတင်လုပ်ဆောင်ရာမှာ ဒါမှမဟုတ် အပြောင်းအလဲတစ်ခု ပြုလုပ်ကြရာမှာ သုတေသနပြုလုပ်ခြင်းနဲ့ ကိန်းဂဏန်း အချက်အလက် ကောက်ယူစုဆောင်းခြင်းဟာ လုပ်ငန်းအောင်မြင်မှုရရှိဖို့အတွက်  အထောက်အပံ့ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဆိပ်ကမ်းတွေ၊ ၊ ကုန်သေတ္တာတင်ယာဉ် အရေအတွက် ပိုမိုများပြားအောင်  ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကိုလုပ်ကိုင် ခွင့်ပြုသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ ယခုလက်ရှိကာလဟာ ကောက်ပဲသီးနှံနဲ့ လယ်ယာထွက်ကုန်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ တင်ပို့နေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေမယ်ဆိုရင် ပို့ကုန်တင်ပို့ရာမှာ အခက်အခဲတွေဖြစ် ပေါ်လာမှာဖြစ်ပါတယ်။ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးဖို့အတွက် သက်ဆိုင်ရာဌာနများအနေနဲ့  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ရန်ကုန်)