Main menu

ယခုနှစ်၌ စပါးအထွက် ဆက်လက်လျော့နည်းဖွယ်ရှိကြောင်း ဖိလစ်ပိုင်အစိုးရ ခန့်မှန်း

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် အမျိုးမျိုးသော ရာသီဥတုပြဿနာများကို ဆက်လက် တွေ့ကြုံနေရသဖြင့် နိုင်ငံ၏ တစ်နှစ်ပတ်လုံး စပါးထွက်ရှိမှုသည် ယခင်နှစ်က စံချိန်တင်ခဲ့သော တန်ချိန် ၂၀.၀၆ သန်းနှင့် ကိုက်ညီသည့် ပမာဏသည်သာ အကောင်းဆုံးအဆင့်ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးအရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။

   ပထမနှစ်ဝက်တွင်ဖြစ်‌ပေါ်ခဲ့သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် (El Niño) ၏ ကာလရှည် ကြာစွာ ပူပြင်းခြောက်သွေ့မှုကြောင့် ဆန်စပါးကဏ္ဍတွင် အထိအခိုက်များပြားခဲ့ခြင်းက တစ်နိုင်ငံ လုံး၏ စပါးထွက်ရှိမှုကို ခြုံငုံသုံးသပ်ရာတွင် ထိခိုက်နိုင်ခြေရှိသည်ဟု ‌ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါ ပြင်းထန်သည့် ရာသီဥတုအခြေအနေကြောင့် ဇန်နဝါရီလမှ ဇွန်လအထိ ဖိလစ်ပိုင်၏ စပါး အထွက်ပမာဏသည် မက်ထရစ်တန်ချိန် ၅၀၀,၀၀၀ ခန့် ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

   နိုင်ငံအနေဖြင့် ဒုတိယနှစ်ဝက်တွင် လာနီညာ ရာသီဥတုဖြစ်စဉ် (La Niña) ကို ရင်ဆိုင်ရနိုင် ခြေရှိနေပြီး၊ တစ်နှစ်ပတ်လုံး စပါးအထွက်သည် ကျဆင်းဖွယ်ရှိကြောင်း၊ ယခုနှစ်တွင် ကျန်ရှိသည့် ကာလအထိ ရာသီဥတုဘေးဒုက္ခများကို ပိုမိုရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ယခင်နှစ်၌ ထွက်ရှိခဲ့ သောပမာဏကို ပြည့်မီနိုင်ရန်ခက်ခဲကြောင်း၊ သို့သော် ယခင်နှစ်ကအတိုင်း စွမ်းဆောင်နိုင်လိမ့် မည်ဟု အပြုသဘောရှုမြင်ထားကြောင်းဖြင့်  ဖိလစ်ပိုင်ဆန်စပါး သုတေသနဌာန (PhilRice) မှ ဒုတိယအမှုဆောင် ဒါရိုက်တာ Flordeliza Bordey ကပြောကြားခဲ့ပါသည်။

    အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ခြိမ်းခြောက်မှုများကြောင့် လယ်သမားအချို့၏ စပါး စိုက်ပျိုးမှု နှောင့်နှေးခဲ့ပြီး ပထမနှစ်ဝက်၏ စပါးအထွက်ပမာဏသည် လေးနှစ်အတွင်း ၅ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က အစောပိုင်း ကာလ၌ အစီရင်ခံဖော်ပြခဲ့သည်။ ပြည်တွင်း၌ စပါးထွက်ရှိမှုသည် ယခင်နှစ်ကာလတူ၌ တန်ချိန် ၉.၀၂၆ သန်းရှိရာမှ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း ၅.၅ ရာခိုင်နှုန်းလျော့နည်း လျက် တန်ချိန် ၈.၅၃ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပထမနှစ်ဝက်၌ စပါးတန်ချိန် ၈.၃၈၆ သန်းသာ ထွက်ရှိခဲ့သည့် နောက်ပိုင်း ယခုနှစ် ပထမနှစ်ဝက်၏ စပါးအထွက်ပမာဏသည် အနိမ့်ကျဆုံးဖြစ်ကြောင်း၊ နှစ်အလိုက် နှိုင်းယှဉ်ပါက အဆိုပါခြောက်လတာ ကာလအတွင်း မိုးကောင်းသောက်နှင့် ဆည်ရေသောက် စပါးနှစ်မျိုးလုံး၏ အထွက်ပမာဏမှာ ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း  PSA မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားပါသည်။

    အစိုးရအရာရှိများနှင့် ဆန်စပါးနယ်ပယ်၌ လုပ်ကိုင်ဆောင်ရွက်နေသူများက ပထမနှစ်ဝက်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေများကြောင့် စပါးအထွက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။

Source : The Philippine Star, 26 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)