Main menu

အိန္ဒိယ၏ သွင်းကုန်အခွန်တိုးမြှင့်ဖွယ်ရှိမှုက မလေးရှား စားအုန်းဆီဈေးနှုန်းများ ကျဆင်းစေ

Powered by Drupal

    စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းလိုအားလျော့ကျမည့် အလားအလာများ ရှိနေသော်လည်း ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းဝယ်ယူသူဖြစ်သော အိန္ဒိယနိုင်ငံ သည် ပိုမိုမြင့်မားသော သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမည့် အခြေအနေရှိခြင်းက မလေးရှား ဈေးကွက်၌ ဩဂုတ်လ ၂၈ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်တွင် စားအုန်းဆီကြိုရောင်းဈေးနှုန်းများ ကို ကျဆင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

   ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဈေးကွက်ပိတ်ချိန်၌ နိုဝင်ဘာလအတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီ စံပြုစာချုပ်ဈေးနှုန်း သည် မက်ထရစ်တစ်တန်လျှင် ရင်းဂစ်ငွေ ၃၉၂၀ ရှိပြီး ၂ ရက်ဆက်တိုက် ကျဆင်းမှုအဖြစ် ယခင် နေ့ ဈေးနှုန်းအပေါ် ၃ ရင်းဂစ် သို့မဟုတ် ၀.၀၈ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံ၌ အစိုးရသည် ဆီထွက်သီးနှံဈေးနှုန်းများ နိမ့်ကျမှုကြောင့် တောင်သူများ အခက်အခဲကြုံရခြင်းကို ကာကွယ်ပေးရန်အတွက် ဟင်းသီးဟင်းရွက်ဆီများ တင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံသော အခွန်နှုန်းထားများအား မြှင့်တင်ရန် စဉ်းစားလျက်ရှိသည်ဟု အစိုးရဌာန ဆိုင်ရာ သတင်းအရင်းအမြစ် ၂ ခုက ဩဂုတ်လ ၂၈ ရက်နေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အစီအစဉ် ကို လာမည့်ရက်သတ္တပတ်များအတွင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ဖွယ်ရှိပြီး စားအုန်း ဆီ ဝယ်လိုအားလျော့ကျလျက် ပြည်ပမှဝယ်ယူတင်သွင်းမှု ကျဆင်းစေနိုင်မည့် အလားလာရှိသည်။

    အင်ဒိုနီးရှား၏ ဇွန်လ၌ စားအုန်းဆီတင်ပို့မှုမှာ မေလကထက် ၇၁.၈ ရာခိုင်နှုန်း မြင့်တက် လျက် မက်ထရစ်တန်ချိန် ၃.၃၈၅ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ သို့သော် ယခင်နှစ်ကာလတူ၌ တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက ၁.၈၈ ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်း ဆီအသင်း၏ အချက်အလက်များက ဖော်ပြလျက်ရှိသည်။ ဩဂုတ်လ ပထမ ရက် ၂၀ အတွင်း မလေးရှား၏ စားအုန်းဆီထုတ်ကုန်များ တင်ပို့မှုအားကောင်းခဲ့သော်လည်း ဩဂုတ်လ ၁ ရက်မှ ၂၅ ရက်နေ့အထိ တင်ပို့နိုင်မှုပမာဏသည် ယခင်လ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၁ ရာခိုင် နှုန်းမှ ၁၄.၉ ရာခိုင်နှုန်းအတွင်း ကျဆင်းခဲ့သည်ဟု ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးကုမ္ပဏီများဖြစ် သော Intertek Testing Services နှင့် AmSpec Agri Malaysia တို့၏ အချက်အလက်များအရ သိရှိရသည်။

    ရာသီဥတု အထောက်အပံ့ ကောင်းမွန်မှုမရှိခြင်းနှင့် ဆီအုန်းပင်များ သက်တမ်းရင့်လာခြင်း တို့ကြောင့် အင်ဒိုနီးရှား၏ ယခုနှစ် စားအုန်းဆီထုတ်လုပ်မှုမှာ ကျဆင်းမည်ဟုခန့်မှန်းရပြီး ဈေး ကွက်တွင် ဝယ်လိုအား ဆက်လက်မြင့်မားနေဖွယ်ရှိကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း ဇီဝ ဒီဇယ်ဆီ သုံးစွဲမှုတိုးမြှင့်မည့် အင်ဒိုနီးရှား၏ အစီအစဉ်သည် တင်ပို့နိုင်မည့်ပမာဏကို ကန့်သတ်မှု ဖြစ်စေလျက် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်မှုကို အထောက်အကူပြုနိုင်ကြောင်းဖြင့် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့အခြေစိုက် Kantilal Laxmichand ကုမ္ပဏီမှ ကုန်သွယ်ရေးမန်နေဂျာ Mitesh Saiya က ပြောကြားခဲ့သည်။

   အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့စားအုန်းဆီ ဝယ်လိုအား နည်းပါးနေချိန် တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသော အခွန်နှုန်း ထားကို ပြန်လည်ချိန်ညှိမည့် အစီစဉ်တစ်ရပ်အား အချိန်ယူစဉ်းစား ဆောင်ရွက်လျက်ရှိသည်ဟု Bisnis.com က ဩဂုတ်လ ၂၆ ရက်နေ့၌ ဖော်ပြခဲ့သည်။ 

     တရုတ်နိုင်ငံ Dalian ဈေးကွက်တွင် အရောင်းအဝယ်အများဆုံးဖြစ်သော ပဲပုပ်ဆီ၏ စာချုပ် ဈေးနှုန်းများမှာ ၀.၅၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း စားအုန်းဆီ စာချုပ်ဈေးနှုန်းမှာ ၀.၅ ရာခိုင် နှုန်း လျော့ကျခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ (CBOT) ဈေးကွက်၌ ပဲပုပ်ဆီ၏ ဈေးနှုန်းများသည် ၀.၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်၌ ဝေစုနေရာ ရရှိနိုင်ရေး ယှဉ်ပြိုင်နေရသည့်အလျောက် အခြားသော ဆက်စပ်နေသည့် စားသုံးဆီများ၏ ဈေးနှုန်းပြောင်းလဲမှုများသည် စားအုန်းဆီအပေါ် သက်ရောက်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Business Recorder, 29 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)