Main menu

ဆန်ကို အထိတ်တလန့်ဝယ်ယူရန် မလိုအပ်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီး ပြောကြား

Powered by Drupal

    ဂျပန်နိုင်ငံ၌ ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုဖြင့် ဆန်ရောင်းလိုအားမှာ ပြန်လည်တိုးတက်လာမည်ဖြစ်၍ ဈေးဝယ်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းပြောဆိုထားကြောင်း၊ ယခုဖြစ်စဉ်သည် ဆန်ပြတ်လပ်မှုကြောင့် စတိုးဆိုင်များတွင် ဆန်ဝယ်ယူရရှိရန် ခက်ခဲနေသည်ဟု  စားသုံးသူများက သတင်းပေးပို့မှုအရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

   ပြည်တွင်း၌ စပါးစိုက်ပျိုးထားရှိမှုမှာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလျက်ရှိပြီး အချို့ဒေသများတွင် လယ်သမားများသည် ပုံမှန်ထက် တစ်ပတ်လောက်စောပြီး ရိတ်သိမ်းနိုင်ကြောင်း၊ ဆန်ပြတ်လပ်မှုများသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ရေ လုပ်ငန်းဝန်ကြီး Sakamoto Tetsushi က သတင်းထောက်များသို့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် ဆန်ကိုလိုအပ်သည့်ပမာဏသာဝယ်ယူရန် တိုက်တွန်းခဲ့သည်။

   အချို့သော စူပါမားကက်များနှင့် လက်လီရောင်းချသူများထံ၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများစွာရှိကြောင်း၊ သီးနှံရာသီအသစ်မှ ဆန်များ ဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်မှုမရှိမီ အချိန်၌ သိုလှောင်ထားသည့် လက်ကျန်များ လျော့နည်းလာခြင်းဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငလျင်များနှင့် တိုင်ဖွန်းမုန်တိုင်းများကြောင့် ပြည်သူအချို့က လည်း ဆန်ကို သိုလှောင်မှုပြုခဲ့ကြကြောင်း ဝန်ကြီးက ကိုးကားဖော်ပြခဲ့သည်။

    အရေးပေါ်အခြေအနေအတွက် နိုင်ငံအတွင်း သိုလှောင်ထားသော ဆန်များအား ဖြန့်ဖြူး  သုံးစွဲခြင်းသည် စီးပွားရေးဈေးကွက်အတွင်း ရောင်းလိုအားနှင့်ဝယ်လိုအား မျှခြေနှင့် ဈေးနှုန်းများအပေါ် ထိခိုက်စေနိုင်သဖြင့် သတိကြီးစွာထား ဆောင်ရွက်သင့်ကြောင်း ဝန်ကြီး Sakamoto က ပြောကြားခဲ့သည်။

Source: NHK WORLD-JAPAN News, 27 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)