Main menu

အင်ဒိုနီးရှားနိုင်ငံ၌ ဇီဝဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ရောစပ်သုံးစွဲခြင်းကို လာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိ

Powered by Drupal

    အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လာမည့်နှစ်အစောပိုင်းတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းကိုရောနှော၍ ဇီဝဒီဇယ်ဆီ(B50) အစီအစဉ်အား မဖြစ်မနေ အကောင် အထည်ဖော်ရန် မျှော်လင့်ထားပြီး လောင်စာဆီတင်သွင်းမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ (ရင်းဂစ် ၈၆.၉၅ ဘီလီယံ) လျှော့ချနိုင်မည်ဖြစ်ကြောင်း  The Edge Malaysia သတင်း ဌာနက ဖော်ပြပါသည်။

    အင်ဒိုနီးရှားသည် လောင်စာဆီတင်သွင်းမှုကို လျှော့ချရန်နှင့် ရုပ်ကြွင်းလောင်စာများမှ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် ကြိုးပမ်းမှုတွင် လက်ရှိ ဇီဝဒီဇယ် ၃၅% ပါဝင်မှုမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရောစပ်မှုကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

    ပရာဘိုဝိုသည် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုထံမှ အောက်တိုဘာလတွင် တာဝန်လွှဲပြောင်းရယူ မည်ဖြစ်ပြီး B50 အတွက် ပြင်ဆင်ရန် ၎င်း၏ စီမံခန့်ခွဲရေးအဖွဲ့က စားအုန်းဆီလုပ်ငန်းနယ်ပယ်သို့ ညွှန်ကြားထားကြောင်း၊  ယင်းသို့ ရောစပ်အသုံးပြုမှု အစီအစဉ်အတွက် လိုအပ်သော စမ်းသပ်မှုများ စတင်နေပြီဖြစ်ကြောင်း ဖော်ပြပါသည်။

   လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် B35 အစီအစဉ်အား ဆောင်ရွက်နေပြီဖြစ်ပြီး B40၊ B50 အထိ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်‌ကြောင်း၊ B50 အစီအစဉ်ဆိုသည်မှာ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှော၍ ဇီဝဒီဇယ်အဖြစ် အသုံးပြုခြင်းကို ခေါ်ဆိုကြောင်း၊ ယင်း B50 အစီအစဉ်ကို ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အစောပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပြည်တွင်း၌ ထွက်ရှိသည့် စားအုန်းဆီကို ၅၀ ရာခိုင်နှုန်းအထိ ရောနှော၍ ဇီဝဒီဇယ်ဆီအဖြစ် အသုံးပြုမည်ဆိုပါက ပြည်ပမှ တင်သွင်းရသည့် လောင်စာဆီအတွက် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ သက်သာနိုင်မည်ဖြစ်ကြောင်း ပရာဘိုဝိုက ဩဂုတ်လ ၂၄ ရက်၊ စနေနေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

  အင်ဒိုနီးရှားနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်မှုနှင့် မောင်းနှင်စမ်းသပ်မှုများ အပါအဝင် စားအုန်းဆီ ကို တိုးမြှင့်ရောစပ်၍ လောင်စာဆီအဖြစ် အသုံးပြုနိုင်ရေး ယခင်က စမ်းသပ်ဆောင်ရွက်ခဲ့မှုများ သည် ယေဘုယျအားဖြင့် တစ်နှစ်ခန့် အချိန်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 26th Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)