Main menu

ပေါက်မြို့နယ်တွင် မိုးဦးရာသီစိုက် နှမ်းသီးနှံများ ရိတ်သိမ်းပြီးဈေးကွက်သို့ရောက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိပြီး နှမ်းသီးနှံအနေဖြင့် (မိုး)နှမ်းနှင့် (ဆောင်း)နှမ်းကို နှစ်စဉ်စိုက်ဧက(၇၀၀၀)ခန့် စိုက်ပျိုးခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နယ်မြေအခြေအနေနှင့် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုနည်း၍ စိုက်ဧက(၃၀၀၀)ခန့် လျော့နည်းစိုက်ပျိုးလာကြကြောင်း၊ နှမ်းနက်(စမုံ)နှင့် နှမ်းညိုတို့ကို အများဆုံးစိုက်ပျိုးပြီး (မိုး)နှမ်းကို မေလတွင်စိုက်ပျိုး၍ ဩဂုတ်လ လဆန်းပိုင်းတွင် ရိတ်သိမ်းကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅)တင်းမှ (၇)တင်းအထိ ထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့် ကုန်ကျ ကြောင်း၊ သီးနှံအထွက်နှုန်းလျော့နည်းသော်လည်း ဒေသတွင်း သီးနှံပေါ်ချိန် ဈေးကောင်းရရှိ၍ တစ်ဧကလျှင် ကျပ်(၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုနှစ် (မိုး)နှမ်းသီးနှံပေါ်ချိန် တောင်သူရောင်းချသော ဈေးနှုန်းမှာ ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀-၂၀၀၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၁၄၀၀၀၀-၁၃၈၀၀၀) ဒေသပေါက်ဈေး အရောင်းအဝယ်ဖြစ်ကြောင်း၊ ထွက်ရှိသည့်နှမ်းများကို တစ်ချို့တောင်သူများမှာ ဆီကြိတ်ပြီး မြို့ပေါ်သို့ ရောင်းချခြင်းအပြင် ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များနှင့် ပခုက္ကူဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ယခင်နှစ် နှမ်းသီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀-၉၀၀၀၀) အရောင်းအဝယ်ဖြစ်၍ ယခုနှစ်တွင် ဈေးသိသိသာသာ မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နှမ်းကို ယခုအချိန်တွင် ပြည်တွင်းစားသုံးမှုမြင့်မားခြင်းအပြင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် စိုက်တောင်သူများ အဆင်ပြေကြောင်း ပေါက်မြို့နယ် မြောက်ဘက်ကျေးရွာရှိ စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)