Main menu

ပုဏ္ဏားစုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၈.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပုဏ္ဏားစုရပ်ကွက်အတွင်းရှိ  ပုဏ္ဏားစုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ပုဏ္ဏားစုအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းမှတဆင့်ဝယ်ယူ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများမှ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ(၃၁၆)ဦးနှင့် ဆရာ/ ဆရာမ (၅၁)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)