Main menu

အင်ဒိုနီးရှားနှင့်လိုက်ဘေးရီးယားတို့ အဓိကကဏ္ဍ(၃)ခုတွင် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

Powered by Drupal

     အင်ဒိုနီးရှားသမ္မတ Joko Widodo သည် အဓိကကဏ္ဍ(၃)ခုဖြစ်သည့် စားအုန်းဆီ၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် လိုက်ဘေးရီးယားသမ္မတ Joseph Nyuma Boakai နှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးကို ဘာလီမြို့တွင်ကျင်းပခဲ့သည့် High-Level Forum on Multi-Stakeholder Partnership(HLF-MSP)နှင့်  2nd Indonesia-Africa Forum(IAF)တွင် တွေ့ဆုံစဉ် သီးခြားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သမ္မတ Jokowi က အင်ဒိုနီးရှားနှင့် လိုက်ဘေးရီးယားတို့သည် ဆယ်စုနှစ်(၆)စုနီးပါး အပြန်အလှန်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ နှစ်ဦးနှစ်ဖက်အတူတကွ ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာများစွာရှိနေကြောင်းနှင့် အင်ဒိုနီးရှားနှင့်လိုက်ဘေးရီးယားအကြား အားကောင်းခိုင်မာစေမည့် အဓိကပူးပေါင်းဆောင်ရွက်ရန်ကဏ္ဍ ၃ ခုရှိကြောင်း ပြောကြားခဲ့ပါသည်။ ပထမဆုံးကဏ္ဍသည် တစ်ဖက်စောင်းနင်းပြုမူသည်ဟု ယူဆရသည့် အနောက်ကမ္ဘာနှင့် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးစေခြင်းစည်းမျဉ်းအစရှိသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် စားအုန်းဆီနယ်ပယ်ဖြစ်ကြောင်း သိရပါသည်။ Jokowi က လိုက်ဘေးရီးယားသည် အင်ဒိုနီးရှားက စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ပံ့ပိုးပေးမည်ဟုမျှော်လင့်ထားကြောင်းနှင့် လိုက်ဘေးရီးယားအပါအဝင် အာဖရိကနိုင်ငံများတွင် စားအုန်းဆီဖူလုံမှုမြင့်တက်လာစေရေးတွင် ပံ့ပိုးနိင်ရန်အတွက်ဆန္ဒရှိကြောင်း အခိုင်အမာပြောဆိုခဲ့ပါသည်။ ဒုတိယကဏ္ဍမှာ အခြေခံအဆောက်အအုံဖြစ်ပြီး Jokowi က အင်ဒိုနီးရှားတွင် လိုက်ဘေးရီးယားနှင့်ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတွင် အတွေ့အကြုံများစွာရှိသည့် များစွာသောကုမ္ပဏီများရှိကြောင်း ပြောကြားခဲ့ပါသည်။ တတိယကဏ္ဍမှာ နည်းပညာပံ့ပိုးခြင်း၊ ပညာသင်ဆုများ၊ သက်မွေးဝမ်းကြောင်းပညာရပ်များလေ့ကျင့်ခြင်း အစရှိသည့် လိုက်ဘေးရီးယား လိုအပ်သည့် ပရိုဂရမ်များကိုချိန်ညှိ၍ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး အရှိန်မြှင့်ရန်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းအစည်းအဝေးသည် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှုနက်ရှိုင်းရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ အထူးသဖြင့် မဟာဗျူဟာမြောက်နယ်ပယ်များတွင် တံခါးဖွင့်ထားရန်မျှော်လင့်ရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)