အိန္ဒိယပြည်တွင်းဈေးကွက်တွင် မကြာသေးမီကာလများ၌ ပဲစင်းငုံဈေးနှုန်းများ အတန် အသင့် လျော့နည်းသက်သာမှု ရရှိခဲ့သော်လည်း ပြည်ပမှတင်သွင်းမှု လျော့ကျဖွယ်ရှိခြင်း၊ လာမည့် ပွဲတော်ရာသီကာလ၏ ဝယ်လိုအားရှိခြင်းတို့က ဈေးနှုန်းများမြင့်တက်စေရန် တွန်းအားပေးလျက်ရှိ သည်ဟု စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများက ပြောဆိုကြောင်း Informist Media အိန္ဒိယ သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
စိုက်ပျိုးရေးရာ စီးပွားရေးပညာရှင် Deepak Pareek က အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံပြတ်လပ်မှု ရှိသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း၊ ရှေ့လာမည့် ပွဲတော်ရာသီ ဝယ်လိုအားကြောင့် ဈေးနှုန်း များမှာ အမြင့်ဘက်သို့ ဦးတည်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ပဲစင်းငုံပမာဏ အမြောက်အမြားကို တင်ပို့နိုင်သည့်နိုင်ငံမရှိကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ၏ ပဲစင်းငုံရောင်းဝယ်မှုတွင် ပြဿနာဖြစ်ပေါ်နေသည့်ကိစ္စရပ်မှာ ပြည်တွင်း၌ ထုတ် လုပ်နိုင်သည့် ပမာဏထက်ကျော်လွန်၍ ပြည်တွင်းစားသုံးမှုက ပိုမိုများပြားနေခြင်းပင် ဖြစ်သည်။ အစိုးရ၏ တတိယအကြိမ် သီးနှံအထွက်ခန့်မှန်းချက်အရ ၂၀၂၃-၂၄ စိုက်ပျိုးရေးနှစ် (ဇူလိုင်-ဇွန်) အတွင်း ပဲစင်းငုံ စုစုပေါင်းတန်ချိန် ၃.၄ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နိုင်ငံလုံး ပျမ်းမျှ စားသုံးမှုသည် တန်ချိန် ၄.၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ စုစုပေါင်း စားသုံးမှု ပမာဏအနက် လာမည့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လတာကာလအတွင်း ပွဲတော်ရာသီ ဝယ်လိုအားအတွက် ပဲစင်းငုံ တန်ချိန် ၉၀၀၀၀၀ ခန့် လိုအပ်မည်ဟု Pareek က ပြောဆိုသည်။
အိန္ဒိယနိုင်ငံ၌ စက်တင်ဘာလမှ နိုဝင်ဘာလထိ ကာလသည် ပဲစင်းငုံစားသုံးမှု အမြင့်မားဆုံး အချိန်ကာလဖြစ်ပြီး ယေဘုယျအားဖြင့် တန်ချိန် ၉ သိန်းမှ ၁၂ သိန်းအကြား သုံးစွဲလေ့ရှိသည်။ ဈေးနှုန်းများကြီးမြင့်မှုနှင့် ကုန်စည်ရရှိရန် ခက်ခဲမှုတို့ကြောင့် ဝယ်လိုအားလျော့ကျသည့် ပမာဏ သည် တန်ချိန် ၂ သိန်းခန့်ရှိသဖြင့် အိန္ဒိယအနေဖြင့် ပဲစင်းငုံ အနည်းဆုံးတန်ချိန် ၉ သိန်းခန့်ကို ဖြည့် ဆည်းရန် လိုအပ်မည်ဖြစ်ကြောင်း Pareek က ပြောဆိုခြင်းဖြစ်သည်။
ပဲစင်းငုံဈေးနှုန်းများသည် ယခင်နှစ်ဇွန်လမှစတင်၍ အမြင့်ဈေး၌ ရောင်းဝယ်လျက်ရှိနေခဲ့ သည်။ အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ ပဲစင်းငုံခွဲခြမ်း၏ လက်လီ ဈေးနှုန်းသည် စက်တင်ဘာ ၁ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၁၆၃.၈၁ ရူပီးနှုန်းရှိပြီး ယခင်နှစ်က ထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
မကြာသေးမီ၌ ဈေးနှုန်းများကျဆင်းလာမှုမှာ ကာလရှည်ကြာစွာ တည်တံ့မည်မဟုတ်ဟု ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။ မြန်မာငွေတန်ဖိုးကျဆင်းမှုအရ မြန်မာနိုင်ငံထံမှ ဈေးနှုန်းသက်သာစွာဖြင့် တင်သွင်းနိုင်ခြင်းကြောင့် ပဲဈေးနှုန်းများ လျော့နည်းသက်သာခဲ့ခြင်း ဖြစ် ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံလက်ကျန်မှာ ကုန်ဆုံးတော့မည်ဖြစ်ရာ အိန္ဒိယအနေဖြင့် အခြားသော ရောင်းချမည့်သူများကို ရှာဖွေရန်လိုအပ်ကြောင်းဖြင့် ဒေလီကောက်ပဲသီးနှံကုန်သည် အသင်းမှ ဒုတိယဥက္ကဋ္ဌ Gaurav Gupta က ပြောဆိုထားသည်။
အိန္ဒိယသည် ပဲစင်းငုံကို မိုဇမ်ဘစ်၊ မာလာဝီနှင့် မြန်မာတို့ထံမှ အဓိကတင်သွင်းလျက်ရှိပြီး ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း တန်ချိန် ၂ သိန်းကျော် တင်သွင်းထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ တစ်ဝန်းမှ ရောင်းလိုအားနည်းပါးမှုအရ လာမည့် ၃ လတာ ကာလအတွင်း နောက်ထပ် တန်ချိန် ၂ သိန်းခန့်ကိုသာ တင်သွင်းရရှိနိုင်ကြောင်း၊ လက်ရှိကာလတွင် အိန္ဒိယသို့ ပဲစင်းငုံ အနည်းငယ်သာ ဝင်ရောက်လျက်ရှိပြီး ၎င်းပမာဏမှာ မပြောပလောက်ကြောင်း၊ မြန်မာနိုင်ငံထံမှ ကုန်လက်ကျန် အားလုံးနီးပါးခန့်ကို ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ဆူဒန်နိုင်ငံမှ ထွက်ရှိသမျှ ပဲစင်းငုံများသည်လည်း အိန္ဒိယသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ တန်ဇန်နီးယားနိုင်ငံထံမှ ဝယ်ယူရရှိနိုင်မည့် ပဲစင်းငုံတန်ချိန် မှာ ၆၀၀၀၀ မှ ၇၀၀၀၀ အတွင်းရှိနိုင်ပြီး မိုဇမ်ဘစ်နိုင်ငံထံမှလည်း အလားတူပမာဏကိုသာ ရရှိနိုင် ကြောင်း၊ အခြားသော နိုင်ငံများထံမှ ပဲစင်းငုံတန်ချိန် ထောင်ဂဏန်းခန့်ကို တင်သွင်းရရှိမည်ဆိုပါ ကလည်း ပြည်တွင်းလိုအပ်ချက်အတွက် လုံလောက်မှုရှိမည် မဟုတ်ကြောင်း Gupta က ပြောကြား ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ပဲစင်းငုံ ၃၅၀၅၃၅.၈ တန်ကို တင်သွင်းခဲ့ ပြီး ယခင်နှစ် အလားတူကာလ တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၁၄.၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများက ဖော်ပြသည်။ အိန္ဒိယအနေဖြင့် ကုန်သေတ္တာ ပြတ်လပ်မှုနှင့် တင်ပို့သည့်နိုင်ငံများရှိ အတွင်းရေးပြဿနာများအပါအဝင် နိုင်ငံများစွာထံမှ ပဲစင်းငုံ တင်သွင်းရာတွင် အခက်အခဲပေါင်းစုံကို ကြုံတွေ့နေရကြောင်း ကုန်သွယ်ရေး သတင်းအရင်းအမြစ် များက ပြောဆိုကြသည်။ လွန်ခဲ့သော ၁ နှစ်ကာလ၌ မိုဇမ်ဘစ်မှ ပဲစင်းငုံများတင်ပို့မှုမှာ အနှောင့် အယှက်ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ကြားဝင်ဆောင်ရွက်ခဲ့ပြီးမှသာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြန်လည်တင်ပို့နိုင်ခဲ့သည်။
ပြည်တွင်းသို့ ပဲစင်းငုံများတင်သွင်းမှုမှာ လျော့ကျလျက်ရှိပြီး ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု မှ သီးနှံအသစ်များသည် နိုဝင်ဘာလနှောင်းပိုင်း ခန့်မှသာ ထွက်ပေါ်နိုင်မည်ဖြစ်ရာ ပဲစင်းငုံဈေးနှုန်း များသည် မြင့်တက်ရန်ဖိအားများနှင့် ကြုံတွေ့ရမည်ဟု ခန့်မှန်းရသည်။
နိုင်ငံအတွင်းရရှိနိုင်မည့် ပဲစင်းငုံကုန်လက်ကျန်ပမာဏနှင့် စပ်လျဉ်း၍ တရားဝင်ထုတ်ပြန် သည့် အချက်အလက်များ မရှိသော်လည်း လက်ကျန်မှာနည်းပါးမည်ဟု ပဲခွဲစက်လုပ်ငန်းများက ခန့်မှန်းလျက်ရှိသည်။ GHB လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Avinash Bhala က ကိန်းဂဏန်း များကို ချဲ့ကားတွက်ချက်သည့်တိုင်အောင် ပြည်တွင်း၌ အိန္ဒိယပင်ရင်း ဒေစီပဲစင်းငုံများ ရရှိနိုင်မှု မှာ တန်ချိန် ၂ သိန်းအောက်၌သာ ရှိမည်ဖြစ်ကြောင်း၊ ကုန်စည်ပြတ်လပ်မှုမှာ အကြီးအကျယ်ဖြစ် ပေါ်နေကြောင်း၊ ယခုရာသီအတွင်း မဟာရဋ္ဌပြည်နယ် Akola မြို့၌ ပဲစင်းငုံကြိတ်ခွဲသော လုပ်ငန်း များ၏ ၅၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းပိတ်သိမ်းပြီးဖြစ်ကြောင်း၊ Chennai ဆိပ်ကမ်းမှတစ်ဆင့် ပဲစင်းငုံကို နည်းနည်းချင်း တင်သွင်းရရှိသော စက်ရုံများသာ လည်ပတ်ကြိတ်ခွဲလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးမှု ဧရိယာမှာ တိုးတက်များပြားလျက်ရှိသော်လည်း အဓိက စိုက်ပျိုးရာဒေသများဖြစ်သော ကာနာတကာနှင့် မဟာရဋ္ဌ ပြည်နယ်များတွင် မိုးသည်းထန် စွာ ရွာသွန်းခြင်းများ ဆက်လက်ဖြစ်ပေါ်နေခြင်းက လာမည့်ရိတ်သိမ်းရာသီ၌ အထွက်ကောင်းမွန် မှုကို လျော့ကျစေဖွယ်ရှိနေသည်။ လက်ရှိကာလတွင် မိုးသီးနှံပဲစင်းငုံ စိုက်ပျိုးထားရှိမှုမှာ ဟက်တာ ၄.၅၈ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်မှုဧရိယာ ဟက်တာ ၄.၀၇ သန်းအပေါ် ၁၂ ရာခိုင် နှုန်း ပိုမိုလျက်ရှိသည်။ စက်တင်ဘာ ၁ ရက်နေ့ရှိ မိုးလေဝသ ခန့်မှန်းချက်များအရ ကာနာတကာ ပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်တို့၌ အနောက်တောင်မုတ်သုံလေ ဝင်ရောက်သည့်ကာလအတွင်း စုစုပေါင်း မိုးရေချိန်ရရှိနိုင်မှုမှာ ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်း အသီးသီးရရှိနိုင်ကြောင်း သိရှိရသည်။
အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) မှ အသင်းသားတစ်ဦးက မိုးသည်းထန်စွာ ရွာသွန်းမှုသည် အပွင့်များပွင့်နေဆဲ အဆင့်တွင်ရှိသော ပဲစင်းငုံစိုက်ခင်းများကို ပျက်စီးမှုဖြစ်စေခဲ့ ကြောင်း၊ သို့သော် အထွက်မည်မျှ ဆုံးရှုံးမှုရှိမည်ကို ခန့်မှန်းရန် အချိန်စောနေဆဲဖြစ်ကြောင်း၊ ယခု ကဲ့သို့ ထိခိုက်မှုဖြစ်ပေါ်ခြင်းမှာ သီးနှံ စိုက်ပျိုးနိုင်မည့် ရက်ပေါင်း ၉၀ အတွင်း ကျရောက်လျက်ရှိ သဖြင့် ပြန်လည်စိုက်ပျိုး၍ ရနိုင်သည့် အခြေအနေရှိကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် ထိုကဲ့သို့ ကာလရှည်ကြာစွာ အစိုဓာတ်ဖြစ်ပေါ်မှုသည် ရောဂါပိုးမွှားကျရောက်မှုကို မြင့်တက်စေနိုင်ပြီး သီးနှံ များအား ထိခိုက်မှုဖြစ်စေလိမ်မည်ဟု Pareek က ပြောကြားထားသည်။
အိန္ဒိယမိုးလေဝသဌာနက ဩဂုတ် ၃၀ ရက်၌ အကြံပြုချက်ထုတ်ပြန်ရာတွင် ပဲစင်းငုံစိုက်ပျိုး သည့် တောင်သူများအနေဖြင့် ပြာမှုန့်အရောင်ရှိသော ကောက်နှံပိုး (ash weevil) ၊ အမြစ်ထိုးပိုး (root grub) နှင့် အရွက်ပြောက်ရောဂါ (phytophthora leaf spot) တို့ကို ပိုးသတ်ဆေးများ အသုံး ပြု၍ ကာကွယ်နှိမ်နင်းခြင်း၊ အပင်မျိုးပွားမှုကို ထိခိုက်စေသော မိုစေ့ဗိုင်းရပ်စ်ရောဂါ (sterility mosaic disease) ကျရောက်သည့် အပင်များအား အမြစ်မှဆွဲနှုတ်၍ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ရန် ဖော်ပြထားသည်။
မိုးရွာသွန်းမှုများ ပြတ်တောင်းခြင်းသည် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း အိန္ဒိယ၏ ပဲစင်းငုံ အထွက်ပမာဏအပေါ် သိသာစွာ ထိခိုက်မှုဖြစ်ပေါ်စေခဲ့ပြီး ထုတ်လုပ်မှုကျဆင်းခဲ့ရသည်။ အစိုးရ၏ ကောက်ပဲသီးနှံထွက်ရှိနိုင်မှု တတိယအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၁-၂၂ ခုနှစ် တွင် ပဲစင်းငုံ တန်ချိန်ပေါင်း ၄.၂၂ သန်း ထုတ်လုပ်နိုင်ခဲ့ရာမှ ၂၀၂၂-၂၃ ခုနှစ်၌ တန်ချိန် ၃.၃၁ သန်း သို့ ကျဆင်းခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်တွင်လည်း တန်ချိန် ၃.၃၉ သန်းသာ ထွက်ရှိနိုင်ကြောင်း သိရှိရ သည်။ ယခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးသည့် ဧရိယာများ တိုးတက်လာမှုအရ ပဲအထွက်မှာ မြင့်မားမည်ဟု အစိုးရက မျှော်မှန်းထားသော်လည်း ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်နေသူများနှင့် ကုန်သည်များကမူ အနီးစပ်ဆုံးအားဖြင့် တန်ချိန် ၃.၃၀ သန်းခန့်သာ ထွက်ရှိနိုင်မည်ဟု လျှော့ချ ခန့်မှန်းလျက်ရှိကြသည်။
လက်လီဈေးကွက်များအတွင်း ပဲစင်းငုံဈေးနှုန်းများသည် ၁ ကီလိုဂရမ်ပေါ်တွင် အနည်းဆုံး အားဖြင့် ၁၀ ရူပီးမှ ၁၂ ရူပီးခန့် မြင့်တက်လာနိုင်ပြီး လက်ကားဈေးကွက်များ၌မူ ၁၀၀ ကီလိုဂရမ် ပေါ်တွင် အနည်းဆုံး ရူပီး ၃၀၀ ခန့် ပိုမိုလာနိုင်ကြောင်း ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်နေသူများ က ခန့်မှန်းလျက်ရှိသည်။ လက်ရှိကာလတွင် Akola မြို့၌ ဒေစီပဲစင်းငုံ ဈေးနှုန်းများသည် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၁၀၀၀၀ မှ ၁၁၀၀၀ အတွင်းရှိပြီး အစိုးရကသတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သော ၁၀၀ ကီလိုဂရမ်လျှင် ၇၅၅၀ ရူပီးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိသည်။
အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) က စက်တင်ဘာ ၂ ရက်နေ့၌ ထုတ်ပြန် သော အပတ်စဉ်ဈေးကွက်အလားအလာခန့်မှန်းချက် အစီရင်ခံစာတွင် ပဲစင်းငုံ ဈေးနှုန်းများသည် ရောင်းလိုအားကျပ်တည်းမှုနှင့် ဝယ်လိုအား အသစ်များဖြစ်ပေါ်လာမှုတို့ကြောင့် မြင့်တက်လာခဲ့ ကြောင်း ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာအရ အနိမ့်ဈေးဖြင့်ရောင်းချသူများ နည်းပါးခြင်း၊ ကာလတိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပဲခွဲစက်များ၏ဝယ်လိုအား မြင့်တက်ခြင်း၊ မြန်မာနိုင်ငံမှ ရောင်းချသူများအနေဖြင့် ကုန်လက်ကျန် အကန့်အသတ်ဖြင့်သာရှိသဖြင့် ရောင်းချ လိုမှု ကျဆင်းလာခြင်း၊ အာဖရိကဒေသမှ ပဲသင်္ဘောများ ဝင်ရောက်မှုမှာလည်း နှောင့်နှေးလျက် ရှိခြင်း၊ မဟာရဋ္ဌနှင့် ဂူဂျရတ် ပြည်နယ်များ၌ နယ်မြေဒေသအချို့တွင် မိုးရွာသွန်းမှု လွန်ကဲခြင်း နှင့်အတူ သီးနှံစိုက်ပျိုးမှုအခြေအနေ ရှုပ်ထွေးလျက်ရှိခြင်းနှင့် ပြည်တွင်း၌ သိုလှောင်မှုလက်ကျန် အဆင့် အလွန်နိမ့်ကျလျက်ရှိခြင်း စသည့်အချက်များကြောင့် ဩဂုတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
ပဲမျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သော IGrain India မှ ဒါရိုက်တာ Rahul Chauhan က ပဲဈေးနှုန်းများသည် ပြည်တွင်းစိုက်ပျိုးမှုမှ သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင် ရောက်လာမည့် နိုဝင်ဘာလကုန်ပိုင်း၌ တည်ငြိမ်မှုရရှိနိုင်ကြောင်း၊ ကာနာတကာပြည်နယ်၌ မိုးဦး ကာလစော၍ ရွာသွန်းမှုရရှိပြီး သီးနှံများကို ဆောလျင်စွာ စိုက်ပျိုးခဲ့သဖြင့် ပုံမှန်အားဖြင့် ပဲစင်းငုံ အသစ်များသည် ဒီဇင်ဘာလမှသာ ဈေးကွက်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာ လကုန်၌ စတင်ဝင်ရောက်နိုင်ကြောင်း၊ အိန္ဒိယ နိုင်ငံတစ်ဝန်းလုံးတွင် ပဲစင်းငုံများ ရိတ်သိမ်းထွက်ရှိ မည့် ၂၀၂၅ ခုနှစ်၊ နှစ်ဦးပိုင်းကာလများတိုင်အောင် ဈေးနှုန်းလျော့နည်းသက်သာမှု ရှိနိုင်ကြောင်း၊ သို့သော် ပဲစင်းငုံဈေးနှုန်းသည် အခြေခံရည်ညွှန်းဈေးနှုန်း၏ အထက်တွင် ဆက်လက်တည်ရှိနေ မည်ဟု ခန့်မှန်းရကြောင်းဖြင့် ပြောကြားခဲ့သည်။
Source: Infomist Media, 2 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)