Main menu

ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိနိုင်

Powered by Drupal

    ကမ္ဘာတစ်ဝန်း ငရုတ်ကောင်းဈေးကွက်လိုအပ်ချက်မြင့်မားမှုနှင့်အတူ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိ ရှိနိုင်မည်ဖြစ်ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (Vietnam Pepper and Spice Association - VPSA) ၏ ပြောကြားချက်အရသိရှိရပါသည်။

   ဇူလိုင်လ ၃၀ ရက်နေ့အထိ ငရုတ်ကောင်းတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၇၆၄.၂ သန်း အထိ ရရှိခဲ့မှုနှင့်အတူ ငရုတ်ကောင်းထုတ်လုပ်မှုဈေးကွက်သည် ဒေါ်လာဘီလီယံတန်ဖိုးရှိသည့်         လမ်းကြောင်းပေါ်တွင်ရောက်ရှိနေကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။ ၇ လတာ ကာလ အတွင်း ပြည်ပဈေးကွက်သို့ ငရုတ်ကောင်းတန်ချိန် ၁၆၄၃၀၀ ကျော် ရောင်းချခဲ့ပြီး၊ ပျမ်းမျှအားဖြင့် ငရုတ်ကောင်းအမည်း တစ်တန်လျှင် ၄၅၆၈ အမေရိကန်ဒေါ်လာနှုန်းနှင့် ငရုတ်ကောင်းအဖြူ တစ် တန်လျှင် ၆၁၉၅ အမေရိကန်ဒေါ်လာနှုန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၂.၇ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီးသီး ဈေးနှုန်းတိုးတက် ရရှိခဲ့ကြောင်း၊ ဝယ်ယူမှုအများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ၎င်း၏နောက်၌ ဂျာမနီ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အိန္ဒိယတို့က အသီသီးရပ်တည်နေကြောင်း သိရှိရပါသည်။

   ငရုတ်ကောင်းကို ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်တင်ပို့သော ဘရာဇီးနိုင်ငံတွင်  အထွက် ပမာဏကျဆင်းခြင်းကြောင့် ၂၀၂၄ ခုနှစ်၏ ကျန်ရှိသည့်လများတွင် ကမ္ဘာတစ်ဝန်း၌ ငရုတ်ကောင်း ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိသည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် (El Nino) ၏ သက်ရောက် မှုများကြောင့် ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ငရုတ်ကောင်း ထုတ်လုပ်မှုမှာ သိသာစွာ ကျဆင်းလာဖွယ်ရှိကြောင်း၊ နောင်လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ငရုတ်ကောင်း ရောင်း လိုအားသည် ဈေးကွက်ဝယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ကြောင်း သိရှိရပါသည်။

   ဗီယက်နမ်ပြည်တွင်း၌ ငရုတ်ကောင်းဈေးနှုန်းများသည် ဇူလိုင်လတွင် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင်ငွေ ၁၅၀,၀၀၀ (၆ အမေရိကန်ဒေါ်လာ ကျော်) ရှိပြီး ဇန်နဝါရီလ၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ၈၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁၂၀.၆ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါသည်။

   ဈေးကွက်အတွင်း ကြီးမားသည့် စိန်ခေါ်မှုများကြောင့် လာမည့်အချိန်တွင် ငရုတ်ကောင်း ဈေးနှုန်းများ အတက်အကျ ပြောင်းလဲမှုရှိနိုင်ကြောင်း VPSA အသင်းက ခန့်မှန်းထားသည်။ ဇူလိုင် လအတွင်း အလယ်ပိုင်းကုန်းမြင့် ဒေသသုံးခုတွင် VPSA က ကောက်ယူခဲ့သော စစ်တမ်းအရ လယ်သမားများအနေဖြင့် ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ငရုတ်ကောင်းထက်    ဈေးနှုန်းပိုမိုရရှိနေသည့် ဒူးရင်းနှင့် ကော်ဖီစိုက်ပျိုးမှုတို့ကို ရွေးချယ်လာကြကြောင်း သိရှိရပါသည်။

    ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း အဓိကစိုက်ပျိုးရာ အလယ်ပိုင်းကုန်းမြင့်များရှိ Gia Lai ၊ Dak Lak နှင့် Dak Nong ဒေသများနှင့် အရှေ့တောင်ပိုင်းရှိ  Binh Phuoc ၊ Dong Nai နှင့် Vung Tau ဒေသတို့တွင် စိုက်ပျိုးမှု အမြင့်မားဆုံးရာသီကာလနှင့် နှိုင်းယှဉ်ပါက ငရုတ်ကောင်းစိုက်ဧက သည် ၅၀ ရာခိုင်နှုန်းထိ ကျဆင်းမှုရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Vietnam Plus, 1 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)