Main menu

ရနံ့မွှေးသောဆန်များ တိုးမြှင့်စိုက်ပျိုးရန် တောင်သူများသို့ ကမ္ဘောဒီးယားအစိုးရ တွန်းအားပေး

Powered by Drupal

    တောင်သူလယ်သမားများ၏ ဝင်ငွေတိုးရန်နှင့် ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန် တင်ပို့မှု မြှင့်တင်ရန် ရည်ရွယ်၍ စျေးကွက်၌ ဈေးနှုန်းမြင့်မားစွာ ရရှိစေသည့် ရနံမွှေးသော စပါးမျိုး များကို စိုက်ပျိုးရန် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် လယ်သမားများအား တိုက်တွန်းထားကြောင်း သိရှိရသည်။

    ရနံ့မွှေးသော ဆန်အမျိုးအစားဖြစ်သည့်  Romduol နှင့် Sen Kro Ob စပါးမျိုးများသည် ၎င်းတို့၏ ထူးခြားသော အရသာနှင့် ရနံ့ကြောင့် ထင်ပေါ်ကျော်ကြားသည့်အတွက် အဆိုပါဆန်မွှေးများ ကို ပြည်တွင်းရှိစားသုံးသူများသာမက နိုင်ငံတကာရှိစားသုံးသူများထံမှပါ ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း သိရှိရသည်။

     ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ ဆန်စက်များနှင့် ပူးပေါင်းညှိနှိုင်းလျက် စျေးကွက်၀ယ်လိုအားနှင့်အညီ စပါးမျိုးများကို သင့်လျော်သော ဈေးနှုန်းများနှင့်အညီ အချိန်မီ ရရှိနိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတွင်းဝန် Yang Saing Kumar က ပြောကြားခဲ့သည်။

   အရည်အသွေးကောင်းသော စပါးမျိုးစေ့များအား အသုံးပြုမှုသည် ထုတ်လုပ်မှု တိုးတက်ရန်အတွက် ကူညီပေးနိုင်ကြောင်း၊ အဆိုပါ ဆန်စပါးအမျိုးအစားများကို အလေးပေး စိုက်ပျိုးခြင်းဖြင့် လယ်သမားများသည် အကျိုးအမြတ်ရှိသော ဈေးကွက်များသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း၊ ကမ္ဘောဒီးယားဆန်သည် အရသာရှိ ၍ ရနံ့မွှေးပြီး နိုင်ငံတကာဈေးကွက်များတွင် လူကြိုက်များကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ (၇) လတွင် ဆန်တန်ချိန် ၃၇၉၅၄၆ ကို တင်ပို့ နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူပမာဏ တန်ချိန် ၃၆၂၇၀၈ နှင့်နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ အစီရင်ခံစာအရ သိရှိရသည်။         ပြည်ပသို့တင်ပို့ သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ ဆန်ဖြူ၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်းနှင့် ဆန်မွှေးတင်ပို့မှုသည် ဆန်တင်ပို့မှု စုစုပေါင်း၏ ၇၀.၅ ရာခိုင်နှုန်းရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

     ဆန်မွှေးများ၏ အရည်အသွေးကို သန့်စင်ထားသော စပါးမျိုးကွဲများဖြင့် အလေးထား ထုတ် လုပ် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘောဒီးယားသည် နိုင်ငံခြားဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား လျက် ဆန်ဈေးကွက်ကို ပိုမိုရရှိလာမည်ဖြစ်ကြောင်း ထိပ်တန်းဆန်တင်ပို့ရောင်းချသည့် Amru Rice (Cambodia) ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Song Saranက ပြောကြားခဲ့သည်။

    ကောင်းမွန်သော စျေးကွက်အခြေအနေများ၊ အရည်အသွေးအပေါ် အလေးပေးဆောင်ရွက် မှုနှင့် ရေရှည်တည်တံ့မှုအပေါ် ကတိကဝတ်ပေးခြင်း စသည့်အချက်များကို ပေါင်းစပ်လုပ်ကိုင်မှု နှင့်အတူ ကမ္ဘောဒီးယားသည် ၎င်း၏ ရည်မှန်းချက်ကြီးသော ဆန်တင်ပို့မှုပန်းတိုင်များကို အောင်မြင်ရန် အနေအထားကောင်းရှိကြောင်း Saranက ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံးတွင် စပါးစိုက်ဧရိယာ ဟက်တာပေါင်း ၃.၅၄ သန်းရှိပြီး နှစ်စဉ် စပါးတန်ချိန် ၁၂.၄၉ သန်းထွက်ရှိကြောင်း၊  ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် အနေဖြင့် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် (၁) သန်း တင်ပို့ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း သိရှိရသည်။

Source: Khmer Times, 3 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)