Main menu

ဆန်လက်ကျန်ခွဲတမ်းကို အပြည့်အဝတင်သွင်းမည်ဟု အင်ဒိုနီးရှား Bulog အဖွဲ့ ပြောကြား

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံ၌ စပါးစိုက်ပျိုးမှု ရာသီချိန်နောက်ကျပြီး အထွက်နည်းပါးမည့်အခြေအနေကြောင့် ယခုနှစ်ကုန်ပိုင်းအထိ လက်ကျန်ခွဲတမ်း ဆန်မက်ထရစ်တန်ချိန် ၉၀၀၀၀၀ ကို တင်သွင်းရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog က ဩဂုတ် ၃၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။

    Bulog သည် ယခုနှစ်၏ ခွဲတမ်းတန်ချိန် ၃.၆ သန်းအတွက် ဩဂုတ်လ ၃၀  ရက်နေ့အထိ  ဆန်တန်ချိန် ၂.၇ သန်း တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ဆန်တန်ချိန် ၉၀၀၀၀၀ ကိုလည်း တင်သွင်းရန် ဆန္ဒရှိကြောင်း၊ စာချုပ်များအားလုံးကို ချုပ်ဆိုလျက်  ယခုနှစ်အတွင်း တင်သွင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းဖြင့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Bayu Krisnamurthi က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်များ တင်သွင်းခဲ့သည်။ အင်ဒိုနီးရှား စာရင်းအင်းဗျူရို၏ အချက်အလက်များအရ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဆန်တန်ချိန် ၂၆ ဒသမ ၉ သန်း ထွက်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သည်။

    အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေ ၂၇၅ သန်းအတွက် အဓိကအစားအစာဖြစ်သော ဆန်စပါး စိုက်ပျိုးမှုမှာ ယခင်နှစ်၌ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး သီးနှံစိုက်ပျိုးမှုရာသီ လည်ပတ်မှုနှောင့်နှေးခြင်းတို့ကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့သည်။

    စပါးစိုက်ပျိုးမှုရာသီကို တစ်လနောက်ကျစေနိုင်သည့် ခြောက်သွေ့ရာသီကာလသည် အောက်တိုဘာလတိုင်အောင် တည်ရှိနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ၏ ဘူမိရူပဗေဒအေဂျင်စီက ခန့်မှန်းထားပြီး နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ဖိအားများနှင့် ရင်ဆိုင်နေရသဖြင့် အပိုဆောင်း အစီအမံများကို စီစဉ်ထားရှိရန်လိုအပ်ကြောင်း Bayu က ပြောကြားခဲ့သည်။

Source: SS Rice News, 31 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)