Main menu

ပခုက္ကူဈေးကွက်တွင် မန်ကျည်းသီးမှည့်များ အမြင့်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီး အစေ့ပါများဝင်ရောက်မှုနည်းပါးပြီး အစေ့လွတ်မန်ကျည်းသားများကို မြို့ပေါ်ရှိ လှောင်လက်ပွဲစားများက ဒေသတွင်းနေရာအနှံ့အပြားသို့ရောင်းချလျက်ရှိသည်။ ဈေးကွက်အနေဖြင့် စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းသီးမှည့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းမှည့်အစေ့လွတ်တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၀၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀) ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်ဩဂုတ်လ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိဘဲ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊စက်တင်ဘာလ ပထမပတ်တွင် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး ဈေးနှုန်းကျဆင်း၍အရောင်းအဝယ်ဖြစ်ခြင်းကြောင့် ဝယ်ယူစားသုံးသူအိမ်ရှင်မများအနေဖြင့် မန်ကျည်းသီးသုံးစွဲမှုနည်း၍ လက်လီဝယ်ယူမှုအေးကြောင်း ဈေးကွက်မှသိရှိရပါသည်။

          မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်လှောင်လက်သမားများက ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)