၂၀၂၄ ခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)၏ အဆိုအရ သိရပါသည်။ အဆိုပါတင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံရရှိခဲ့ပြီး လွန်ခဲသည့်နှစ် တူညီသည့်ကာလထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ MARD ၏ အဆိုအရ ဆန်ထွက်ရှိမှုမြင့်တက်လာမှုနှင့်အတူ ပျမ်းမျှ ဆန်တင်ပို့သည့် ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၆၂၅ အမေရိကန်ဒေါ်လာဖြင့် ၁၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်တွင် Mekong Delta ဒေသရှိ များစွာသော ဆန်ဈေးနှုန်းများမှာ လွန်ခဲ့သည့်တစ်ပတ်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် Dai Tham ၊ OM 5451 နှင့် OM 18 အစရှိ သော Mekong Dellta ပြည်နယ်၏ An Giang ရှိ နာမည်ကျော် ဆန်အမျိုးအစားများ၏ ဈေးနှုန်းမှာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်တွင် ပုံမှန်ဆန်ဈေးနှုန်းမှာ 1 Kg လျှင် ၁၅၀၀၀ ဗီယက်နမ်ဒေါင်မှ ၁၆၀၀၀ ဗီယက်နမ်ဒေါင်ကြားရှိပြီး ဆန်မွှေးဈေးနှုန်းမှာ 1 Kg လျှင် ၂၀၀၀၀ ဗီယက်နမ်ဒေါင်မှ ၂၁၀၀၀ ဗီယက်နမ်ဒေါင်ကြားရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)